ရခိုင်အလှမယ် စောမြတ်အိခိုင် အဆင့် ၆ နေရာသို့ ရောက်ရှိ

By Western News / 2023 September     13

မြန်မာမယ်စကြာဝဠာ (Miss Universe Myanmar 2023) ၏ ပြိုင်ပွဲဝင်အလှမယ်များထဲမှ မဲအများဆုံးရရှိသူသည် အလိုအလျောက် Top 6 ထဲသို့ ဝင်ရောက်ခွင့်တွင် ရခိုင်အလှမယ် စောမြတ်အိခိုင်သည် အဆင့် ၆ နေရာသို့ ရောက်ရှိနေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၄၇ မိနစ်အထိ အဆင့် ၆ (Top 6) နေရာတွင် အလှမယ် စောမြတ်အိခိုင်က ရပ်တည်နေကြောင်း BIGO Live ၏ မှတ်တမ်းအရ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက Miss Universe Myanmar ၏ ထုတ်ပြန်ချက်အရ အလှမယ် စောမြတ်အိခိုင်သည် အဆင့် ၈ နေရာတွင်သာရှိနေသေးပြီး ယနေ့ နံနက်က အဆင့် ၆ နေရာသို့ ရောရှိသွားခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလှမယ် ၃၂ ဦးက ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရခိုင်အလှမယ် စောမြတ်အိခိုင်က အဆင့် ၆ နေရာတွင် ရပ်နေခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် အလှမယ် စောမြတ်အိခိုင်၏ Fan အမျိုးသမီးတစ်ဦးက “ အစောကို Miss Universe Myanmar ရဲ့ Crown ကို ရစေချင်ပါတယ်။ အဆင့် ၁ နေရာသို့ ရောက်ရှိသွားစေချင်တာ။ အစောရဲ့ အမာခံပရိတ်သတ်တွေအပါအဝင် အစောကိုချစ်ခင်ကြတဲ့သူတွေ အစောကို ဒီထက် ပိုပြီး အားပေးစေချင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေကိုလည်း တောင်းဆိုပါတယ်။ Crown ကို ရခိုင်က ရရှိဖို့ အစွမ်းကုန် အားပေးကြဖို့ တိုက်တွန်းပါတယ်။ ” ဟု ပြောသည်။

BIGO Live ၏ မှတ်တမ်းအရ အဆင့် ၁ နေရာတွင် ပြင်ဦးလွင် အလှမယ်၊ အဆင့် ၂ နေရာတွင် မန္တလေး အလှမယ်နှင့် အဆင့် ၃ နေရာတွင် မုံရွာ အလှမယ်က ဦးနေကြောင်း သိရသည်။

BIGO Live app မှတစ်ဆင့် Voting မဲပေးမှုများဖြင့် Miss Universe Myanmar က အလှမယ်များအား အဆင့်နေရာများကို သတ်မှတ်ထားခြင်းဖြစ်ပြီး ရခိုင်အလှမယ် စောမြတ်အိခိုင်အား မဲပေးမည်ဆိုပါက BIGO Live app အား အသုံးမပြုတတ်သူများအနေဖြင့် AKYAB STARS ဖေ့စ်ဘုတ်စာမျက်နှာသို့ ဆက်သွယ်နိုင်ပြီး ကိုယ်စားမဲဝယ်ပေးကြောင်း AKYAB STARS တည်ထောင်သူ ကိုစံသာက ဆိုသည်။

BIGO Live အသုံးပြုပြီး မဲပေးခြင်းမှာ မနက်ဖြန် စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ မဲပေးခြင်းပြီးဆုံးမည်ဖြစ်သည်။

အလှမယ် စောမြတ်အိခိုင်သည် စစ်တွေမယ်စကြာဝဠာ Miss Universe Sittwe 2023 သရဖူ Crown ကို ရရှိထားဖြစ်ပြီး Miss Universe Myanmar 2023 တွင် ရခိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသူလည်းဖြစ်သည်။

အလှမယ်စောမြတ်အိခိုင်သည် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်ခံရမှု၊ တိုက်ခိုက်ခံရမှုနှင့် စိန်ခေါ်မှုများအား ဖြတ်သန်းကျော်လွှားပြီး သူဝါသနာပါရာ အလှမယ်တစ်ယောက်ဖြစ်လာရေးကို ယုံယုံကြည်ကြည်ဖြင့် လျှောက်လှမ်းနေသူတစ်ဦးဖြစ်ကြောင်း စောမြတ်အိခိုင်၏ အသိုင်းအဝိုင်းထံက သိရသည်။

အလှမယ် စောမြတ်အိခိုင် သည် အသက် ၂၃ နှစ်အရွယ်ရှိပြီး အရပ်အမြင့်မှာ ၁၆၈ စင်တီမီတာဖြစ်ကာ ရုက္ခဗေဒ (မဟာတန်း) ပထမနှစ်ကျောင်းသူဖြစ်ပြီး အောင်မြင်သောအမျိုးသမီးလုပ်ငန်းရှင်တစ်ဦးဖြစ်ချင်သည့် ရည်မှန်းချက်ရှိသူလည်းဖြစ်သည်။

အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ချင်သကဲ့သို့ လူငယ်များအား၏ အသိပညာတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အများအကျိုးဆောင်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းလည်းဖြစ်သည်။

အလှမယ်များသမိုင်းတွင် သမိုင်းမှတ်တမ်းကျန်စေရေးနှင့် မြန်မာမယ်စကြာဝဠာ သရဖူအား ဂုဏ်ယူဝံ့ကြွားစွာကိုင်ဆောင်ပြီး ရခိုင်ပြည်သို့ ပြန်လာနိုင်ရေးအတွက် အလှမယ် စောမြတ်အိခိုင်အား ဝန်းရံပေးကြရန် AKYAB STARS တည်ထောင်သူ ကိုစံသာက တိုက်တွန်းထားသည်။

စိန်နန်းတော်က ထောက်ပံ့ပေးသော မြန်မာမယ်စကြာဝဠာ Miss Universe Sittwe 2023 ၏ သရဖူ Crown မှာ ကျပ်သိန်း နှစ်ထောင်ခန့် တန်ဖိုးရှိကြောင်း သတင်းထွက်ပေါ်နေသည်။

ပုံစာ – ရိုးရှင်းသော အလှတရားဖြင့် အလှမယ် စောမြတ်အိခိုင်အားတွေ့ရစဉ်။ (ဓါတ်ပုံ – စောမြတ်အိခိုင် ဖေ့စ်ဘုတ်)

Western News-WN

https://www.facebook.com/westernnewsagency/posts/743988204407275

Leave a Reply

Your email address will not be published.