By Western News / 2023 September 16
စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေသစ်အရ ရခိုင်အမျိုးသားပါတီ ANP မှာ ပြီးခဲ့သည့် မတ်လကတည်းက လျှောက်ထားခဲ့သော်လည်း ၆ လကြာလာသည်အထိ နိုင်ငံရေးအသင်းအဖွဲ့မှတ်ပုံ မရရှိသေးကြောင်း ANP တာဝန်ရှိသူများထံမှ သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကို စစ်ကောင်စီက ပြောင်းလဲပြဌာန်းပြီးနောက် နိုင်ငံတစ်ဝှမ်းက နိုင်ငံရေးပါတီများမှာ ပြန်လည်မှတ်ပုံတင်ကြရပြီး ရခိုင်ပြည်အတွင်း ANP ပါတီအပါအဝင် တိုင်းရင်းသားပါတီများ စုစုပေါင်း ၆ ခုက ပြန်လည်လျှောက်ထားခဲ့ကြသည်။
ယင်းအထဲက စစ်ကောင်စီသည် ရခိုင့်ဦးဆောင်ပါတီ AFP အပါအဝင် ပါတီ ၅ ခုကို နိုင်ငံရေးပါတီအသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP ကို ယခုအချိန်အထိ ထုတ်ပေးခြင်းမရှိသေးပေ။
ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက “မှတ်ပုံတင်မကျသေးပါဘူး။ အရမ်းကြာနေပြီ။ ဘာြဖစ်လို့ ထုတ်မပေးတာလဲ ကျနော်တို့လည်း မသိဘူး။ အကြောင်းအရင်းတွေကိုလည်း UEC ဘက်က တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိသေးဘူး ” ဟု ပြောသည်။
မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြသည့် ရခိုင်ပါတီများအနက် မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ (RSNUP) ကို UEC က မှတ်ပုံတင်ခွင့်ပြုထားကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ ANP ကို စစ်ကောင်စီက မှတ်ပုံတင်ခွင့် မပြုသေးခြင်းကြောင့် နိုင်ငံရေးလှုပ်ရှားမှုများ၊ ပါတီတွင် လုပ်ငန်းစဉ်များနှင့် ပြည်တွင်းပြည်ပက ဖိကြားသော ပွဲအခမ်းအနားကို တက်ရောက်မရရှိကြောင်း ANP ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောဆိုထားသည်။
“နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် မပြုသေးတဲ့အတွက် ပြည်တွင်းပြည်ပက ဖိတ်ကြားတဲ့ ပွဲတွေကို မတက်ရောက်နိုင်သေးဘူး။ တရုတ်က ဖိတ်ကြားတဲ့ ပွဲကို ဖျက်လိုက်ရတယ်။ ပါတီတွင် နိုင်ငံရေးလှုပ်ရှားမှုတွေကိုလည်း ရပ်တန့်ထားရတယ် ” ဟု ပြောသည်။
စစ်ကောင်စီထံ မှတ်ပုံတင်ကြသည့် နိုင်ငံတစ်ဝှမ်းက နိုင်ငံရေးပါတီအချို့မှာ မှတ်ပုံတင်မရရှိသေးခြင်းမှာ UEC ဘက်က သေချာစိစစ်ရန် အချိန်ယူနေခြင်းဖြစ်ကြောင်းနှင့် အင်အားကြီး တိုင်းရင်းသားပါတီဆိုလျှင် ပိုစိစစ်သည့်သဘောရှိကြောင်း ဦးသာထွန်းလှက သုံးသပ်ထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ပြီး ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားရန် UEC က နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သည်။
ရခိုင်မှ ပါတီမှတ်ပုံတင်ခွင့် ရရှိထားသည့်ပါတီ ၅ ခုမှ ခေါင်းဆောင်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ရခိုင်ပြည်တာဝန်ခံ ဦးအောင်မိုးမြင့်က ဇူလိုင်လ ၁၁ ရက်တွင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တွေ့ဆုံခဲ့သေးသည်။
ယင်းသို့တွေ့ဆုံရာတွင် ရခိုင်မှ မှတ်ပုံတင်ခွင့်ရသည့် ပါတီများအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် မပတ် သက်ကြရန် ညွှန်ကြားခဲ့သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူများက ပြောကြသည်။
မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မြို့နယ် ၅ ခုတွင်ပါတီရုံးဖွင့်လှစ်ရန်နှင့် သတ်မှတ်ထားသည့် ပါတီဝင်လူအင်အားကို မှတ်ပုံတင်ခွင့်ရပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း စည်းရုံးရန်လည်း ညွှန်ကြားခဲ့သည်။
ယခင်က ရခိုင်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ်တည်ရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DNDP) တို့သည် ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ထားခြင်းမရှိခဲ့သဖြင့် စစ်ကောင်စီရွေးကောက်ပွဲဥပဒေအရ အလိုအလျောက် ပါတီအဖြစ်မှ ရပ်ဆိုင်းခံခဲ့ရသည်။
UEC ထံ ပါတီမှတ်ပုံတင်ခွင့်ကို တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ ၆ဝ ကျော် လျှောက်ထားခဲ့ကြပြီး သတ်မှတ်ချိန် အတွင်း လျှောက်ထားခြင်းမပြုသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီ ၄ဝ ကို ဖျက်သိမ်းလိုက်ကြောင်း မတ်လ ၂၈ ရက်တွင် UEC က ထုတ်ပြန်ခဲ့သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/745885500884212