ရခိုင်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုများလာနေ

By Western News / 2023 September     19

ပုံစာ – ကျောက်တော်တောင်ပေါ်တွင် မူးယစ်ဆေးသုံးစွဲခဲ့သည့် ဆက်စပ်ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – လှစောခိုင်(ပုဏ္ဏားမြီ)

ရခိုင်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတို့မှာ ပိုမိုတွင်ကျယ်လျှက်ရှိနေပြီး ရခိုင်လူငယ်အများ အပြားမှာလည်း မူးယစ်ဆေးဝါး အသုံးပြုမှုပိုများလာလျှက်ရှိနေကြောင်း နယ်ပယ်အသီးသီးမှ ပြောဆိုကြသည်။

ရခိုင်ရှိမြို့နယ် အများအပြားတွင် မူးယစ်ဆေးဝါးများကို အလွယ်တကူရရရှိနေကြပြီး အမျိုးအစားအနေဖြင့် ဆေးခြောက်နှင့် WY မှာ ဒေသတွင်းအသုံး အများဆုံးအနေအထားတွင် ရှိနေသည်ဟု မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

WY အမျိုးအစား ဆေးပြားကို မူးယစ်ဆေးသုံးစွဲနေသူတစ်ယောက်အနေဖြင့် တစ်နေ့လျှင်သုံးစွဲမှုပမာဏမှာ ၂ လုံးမှ ၅ လုံးအထိရှိပြီး ဆေးတစ်လုံးကို ၁၅၀၀ ကျပ်စျေးရှိသည်ဟု စစ်တွေမှ ကိုယ်တိုင်သုံးစွဲသူတစ်ဦးက ပြောသည်။

“ရောင်းတဲ့နေရာတွေကတော့အများကြီးပဲ။ ပြောလို့တော့မရဘူး။ လက်ရှိစျေးကတော့ ၁၅၀၀ လောက်ရှိတယ်။ တစ်နေ့ကို ၂ လုံးသုံးတယ်။ တစ်ခါတစ်လေ‌တော့ ၅ လုံးလောက်သုံးဖြစ်တယ်။ ရောင်းတာကအမျိုးမျိုးရှိတယ်။ သုံးသူတွေကပဲ တစ်ဆင့်ယူရောင်းတာ။ အိမ်တွေ၊ ဆိုင်တွေမှာ ရောင်းတာ အဲ့လိုတွေပေါ့ ” ဟုပြောသည်။

ယင်းအပြင် မူးယစ်ဆေးဝါးသုံးစွဲသူအများစုမှာ ၁၀ ကျော်သက်အရွယ်မှ လူလတ်ပိုင်းအရွယ်အထိရှိတတ်ပြီး သုံးစွဲသူအရေအတွက်တိုးလာသူများမှာ ၁၀ ကျော်သက်အရွယ်များဖြစ်ကာ မိန်းကလေးများ လည်း သုံးစွဲမှု ပိုများနေကြောင်း သူကဆက်ပြောသည်။

ရခိုင်တွင် လက်ရှိ လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှုအခြေနေများနှင့် ပတ်သက်၍ ရခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ကိုဦးသန်းနိုင်က နိုင်ငံရေးမတည်ငြိမ်မှုများကြားတွင် မူးယစ်ဆေး ရောင်းချ၊ သုံးစွဲမှုတို့မှာ ပိုမိုဆိုးရွားလာနေပြီး ယခုပြဿနာအားဖြေရှင်းနိုင်ရန်မှာ တရားဥပဒေစိုးမိုးရေးသာ အဓိကဖြစ်နေသည်ဟု ပြောသည်။

“နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ဒီမူးယစ်ဆေးဝါးပြဿနာက နောက်ဆက်တွဲကပ်ပါလာတာမျိုးရှိတယ်။ အခုရခိုင်မှာဆိုရင် မူးယစ်ဆေးက တကယ့်ကိုပေါ်ပေါ်ထင်ထင်ဝယ်လို့ရနေတဲ့ အနေအထားမှာရှိနေတယ်။ စီးပွားရေးအဆင်မပြေမှုတွေကလည်း မူးယစ်ဆေးရောင်းဝယ်ဖို့ တွန်းအားဖြစ်နေတာကိုလည်း ကျနော်တို့တွေ့ရတယ်။ ရခိုင်ကလူငယ် ၆၀ ရခိုင်နှုန်းလောက်က ဆေးခြောက်သုံးကြတာ တွေ့တယ်။ အဲ့ဒီထဲကတစ်ချို့က WY သုံးကြတယ်။ စစ်တွေက ပိုဆိုးတဲ့အနေအထားရှိတယ်။ ထိန်းချုပ်မယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ စနစ်တကျသာလုပ်ရင်တော့ မခက်ခဲပါဘူးလို့မြင်ပါတယ် ” ဟုပြောသည်။

ရခိုင်မှာ မောင်တောနဲ့ စစ်တွေခရိုင်သည် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအများဆုံးအနေအထားမှာရှိပြီး မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့်ပတ်သက်၍ အရေးယူပေးနိုင်ရန် သက်ဆိုင်ရာသို့ တိုင်ကြားမှုများပြုလုပ်သော်လည်း အရေးယူမှုနည်းပါးသည်ဟုဒေသခံများကဆိုသည်။

စစ်တွေမြို့ ပြည်နယ်အရန် ရဲတပ်ဖွဲ့ရှေ့မှ ဗလီပျက်ထဲတွင် မူးယစ်ဆေးသုံးစွဲနေမှု အခြေနေနှင့်ပတ်သတ်၍လည်း အရေးယူနိုင်ရန် အနီးရှိရပ်ကွက်သားများက သက်ဆိုင်ရာသို့  တိုင်ကြားမှုတို့ရှိခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူမှုတို့ ရှိမလာခဲ့ပေ။

လက်ရှိ မူးယစ်ဆေးဝါးရောင်းချမှုအခြေအနေမှာ မြို့ပေါ်တွင်သာမက နယ်ဖက်များကိုပင် ပျံ့နှံ့လျှက်ရှိနေပြီဖြစ် သည်ဟု မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးကဆိုသည်။

“မြောက်ဦး၊ ကျောက်တော်၊ မင်းပြား ကျနော်တွေ့သလောက် ‌ဒီလိုဆေးသုံးတဲ့ လူငယ်တွေအများကြီးပဲ။ ဘယ်နေရာတွေမှာသုံးကြလဲ။ ရောင်းကြလဲဆိုတာ သာမန်လူတွေတောင်အကုန်သိတယ်။ အခုလမ်းပန်း ဆက်သွယ်ရေးမကောင်းတဲ့ နယ်ဖက်တွေမှာတောင် ကိုယ်စားလှယ်တွေနဲ့ ရောင်းသူတွေရှိလာတာကိုတွေ့ရ တယ်။ ဒီအတိုင်းသာဆက်သွားရင် နယ်ဖက်တွေလည်း မြို့ပေါ်မှာလိုဖြစ်လာနိုင်တယ် ” ဟုပြောသည်။

ရခိုင်ပြည်အနေအထားမှာ မူးယစ်ဆေးကုန်သွယ်ရေးတွင် လမ်းကြောင်းတစ်ခုကဲ့သို့ဖြစ်နေပြီး ရေလမ်းကြောင်း အရရော ကုန်လမ်းကြောင်းအရပါ မူးယစ်ဆေးဝါးများ ရခိုင်ပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လျှက်ရှိနေသည်။

ထိုသို့ဝင်ရောက်မှုများထဲမှ ပမာဏအများဆုံးဖမ်းဆီးရမိမှုများလည်းရှိတတ်ပြီး ၂၀၂၁ ခုနှစ်တွင် မောင်တော ကျီးကန်းပြင်စစ်ဆေးရေးဂိတ်၌ ကျပ် ၁၀ ဘီလီယံရှိ မူးယစ်ဆေးများ၊ အမ်း ပဲပဒုံဂိတ်တွင် ကျပ် ၂၀ ဘီလီယံရှိ မူးယစ်ဆေးများ အသီးသီးဖမ်းဆီးရမိမှုရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ၃ လတာအတွင်းတွင်လည်း ကျပ်သန်းပေါင်း ၁၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိမှုရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့ကထုတ်ပြန်သည့် ISP မြန်မာ၏ စစ်တမ်းတစ်ခုအရမူ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများမှာ လက်တစ်ကမ်းတွင်ရှိနေပြီး မြို့နယ် ၁၁၀ ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စစ်တမ်းများ ကောက်ယူခဲ့ရာ ထိုအထဲမှ ၉၃ မြို့နယ်မှာ မူးယစ်ဆေးဝါးများ အလွယ်တကူရရှိ နေကြောင်းတွေ့ရသည်ဟု စစ်တမ်းတွင်ရေးသားထားသည်။

ယင်းအပြင် စစ်ကောင်စီ၏ စာရင်းအရ  မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတို့မှာ လျော့ကျလာခဲ့ပြီး ၂၀၂၀ တွင် ၈၃၉ သန်း၊ ၂၀၂၁ တွင် ၆၆၇ သန်း၊ ၂၀၂၂ တွင် ၆၄၂ သန်းနှင့် လက်ရှိ ၂၀၂၃ တွင် ၄၄၆ သန်းသာရှိလာပြီး အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတို့မှာ လျော့ကျလာကြောင်းလည်း ဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/747839810688781

Leave a Reply

Your email address will not be published.