ရခိုင်ရှိ မြို့နယ်အချို့တွင် လုံခြုံရေးကြောင့် ဆရာတော်အသျှင်ဥတ္တမနေ့အခမ်းအနား ကျင်းပနိုင်မည်မဟုတ်ဟုဆို

By Narinjara / 2023 September     5

ဓာတ်ပုံ – ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားအား တွေ့ရစဉ်။

လာမည့် စက်တင်ဘာလ ၉ ရက်တွင် ကျရောက်မည့် (၈၄)နှစ်မြောက် ဆရာတော်အသျှင် ဥတ္တမနေ့အခမ်းအနားကို ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့တွင် လုံခြုံရေးအခြေအနေကြောင့် ကြီးကြီးကျယ်ကျယ် စည်စည်ကားကားကျင်းပနိုင်မဟုတ်ဟု ပွဲကျင်းပရေးခေါင်းဆောင်များက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ရခိုင်တွင် အမျိုးသားနိုင်ငံရေးလုပ်ဆောင်သူများကို စောင့်ကြည့်နေပြီး  အမျိုးသားရေးဆိုင်ရာ အခမ်းအနားကို တက်ရောက်သည့် လူမှုရေးလှုပ်ရှားနေသူများကိုလည်း  ဖမ်းဆီးတရားစွဲဆိုမှုများ ရှိနေခြင်းကြောင့် လုံခြုံလွတ်လပ်မှုမရှိသည့်အတွက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကိုလည်း ခါတိုင်းနှစ်များကလို ကြီးကြီးကျယ်ကျယ် မကျင်းပနိုင်ခြင်းဟု ဆိုသည်။

အမ်းမြို့တွင်ဆိုလျှင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဆရာတော်အသျှင်ဥတ္တမနေ့အခမ်းအနားကျင်းပရန်နှင့် ဆရာတော်ကြေးရုပ်တုတည်ရန် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့ခံများကစီစဉ်ခဲ့ကြရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများပြုလုပ်ခဲ့၍ ယင်းကတည်းက အခမ်းအနားကျင်းပနိုင်ခြင်းမရှိဟု အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

“ဒီနှစ်တော့ အမ်းမှာက အခမ်းအနားပွဲတော့ ဘာမှမရှိပါဘူး။ မကျင်းပဖြစ်ဘူးပေါ့။ မြို့ပေါ်မှာကလည်း ပွဲလုပ်ရတာက မလွတ်လပ်ဘူး။ ဒီလိုအမျိုးသားနိုင်ငံရေးနေ့တွေကို ကျင်းပပြုလုပ်ဖို့က လုံခြုံမှုမရှိဘူး” ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့တွင်လည်း ယခင်နှစ်က စီးပွားရေးကျပ်တည်းခြင်းနှင့် အခမ်းအနားပွဲလုပ်ရန် လူငယ်များက တက်တက်ကြွကြွမရှိသည့်အတွက် ရပ်နားလိုက်ရပြီး ယခုနှစ်တွင်လည်း ကျင်းပရန် အစီအစဉ်မရှိဟု သိရသည်။

သို့သော်လည်း ကျောင်းသူ/သားများက ဆရာတော်အား ဂုဏ်ပြုဂါရဝပြုသည့်အနေဖြင့် မိမိအစီအစဉ်ဖြင့်သာ ဆရာတော်ဦးဥတ္တပန်းခြံရှိ ဆရာတော့်ရုပ်တုရှေ့၌ ဆီမီးထွန်းခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းစသည်တို့ကို အကျဉ်းချုံးပြုလုပ်သွားမည်ဟု ကျောက်ဖြူမြို့မှ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

“အခမ်းအနားတော့မလုပ်ဘူး။ ကိုဗစ်စဖြစ်ကတည်းက မလုပ်ဖြစ်တာ။ ဒီကြားထဲ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ပိုပြီးတော့တောင် မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ကျောင်းသား/သူတွေ၊ လူမှုအဖွဲ့အစည်းတွေကတော့ သူတို့အစီအစဉ်နဲ့သူတို့ ဂါရဝပြု ဆီမီးထွန်းတာတို့တော့ ရှိမယ်ထင်တယ်” ဟု ပြောသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့တွင်လည်း ဆရာတော်အသျှင်ဥတ္တမရုပ်တုမရှိခြင်းကြောင့် ယခုနှစ်တွင်လည်း အခမ်းအနားပွဲ ကျင်းပနိုင်မည်မဟုတ်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဖွံဖြိုးတိုးတက်ရေး လူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့က အခမ်းအနားတော့ မလုပ်ပါဘူး။ အခမ်းအနားတွေပြုလုပ်တဲ့ နေရာတွေမှာတော့ ဆရာတော်ကို ဂါရဝပြုတဲ့အနေနဲ့ လွမ်းသူ့ပန်းခွေတွေ သွားချမယ့်အစီအစဉ်တော့ လုပ်ထားပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့တွင်လည်း အခမ်းအနားကို ကျင်းပရန် လက်ချိန်အထိ အစီအစဉ်မရှိသေးဟု ကျောက်တော်လူငယ်များအသင်းမှ အသင်းသူတစ်ဦးက ပြောသည်။

“ကျောက်တော်မှာက တခြားအဖွဲ့အစည်းတွေကရော ဘာအသံမှမကြားသေးဘူး။ မနှစ်ကဆိုလည်း ဆရာတော်ရုပ်တုရှေ့မှာ ပန်းခွေချတဲ့သူတောင် မရှိသလောက်ပါပဲ။ ကျွန်မတို့အသင်းကလည်း အခုချိန်ထိတော့ ဘာအစီအစဉ်မှမရှိသေးတော့ လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာ ပြောလို့မရသေးပါဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်၏မြို့တော် စစ်တွေတွင်ဆိုလျှင် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာ ၃ ရက်နေ့က မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်ထိ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီ၊ ရခိုင်သုတရေးဖြေ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများကို ကျင်းပခဲ့ကြသည်ဟု သိရသည်။

ဆုရကျောင်းသား/သူများကို စက်တင်ဘာလ ၉ ရက်တွင် ရွှေကရုဏာခန်းမ၌သော်လည်းကောင်း၊ ခိုင်သဇင်ပန်းခြံခန်းမ၌သော်လည်းကောင်း အခမ်းအနားဖြင့် ဆုချီးမြှင့်မည်ဖြစ်ပြီး ဆရာတော့်ရုပ်တုအား ဂါရဝပြုခြင်းတို့ကို ပြုလုပ်သွားမည်ဟု ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်စဉ်လိုလို အခမ်းအနားကျင်းပနေကျ ဆရာတော်ဦးဥတ္တမပန်းခြံရှိ ဦးဥတ္တမခန်းမသည် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့်အတွက် လက်ရှိတွင် ပြုပြင်နေဆဲဖြစ်သည်။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားများကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တို့တွင် ကြီးကြီးကျယ်ကျယ် စည်စည်ကားကားဖြင့် လွတ်လပ်စွာ ကျင်းပခွင့်ရခဲ့ကြသော်လည်း စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်တွင်မူ လွတ်လပ်စွာကျင်းပနိုင်ခြင်းမရှိဖြစ်နေရခြင်းဖြစ်သည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဦးဆောင်ကာ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင်နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ရခိုင်အမျိုးသား ရဟန်းတော်တစ်ပါးဖြစ်သည်။

ယင်းအပြင် ဆရာတော်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှုနှင့် ပထမဆုံး အကျဉ်းကျခံခဲ့ရသည့် ရဟန်းတော်တစ်ပါးလည်း ဖြစ်သည်။

ထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း မြန်မာပြည်အနှံ့ နိုင်ငံရေး တရားများကို ဟေပြောခဲ့သောကြောင့် ၃ ကြိမ်တိုင်တိုင်ထောင်နန်းစံခဲ့ရသည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ညောင်တုန်းဘုန်းကြီးကျောင်း၌ ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကိုဆရာတော်ဦးဥတ္တမနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက အသိအမှတ်ပြုကာအောက်မေ့ဖွယ် အခမ်းအနားများလည်း နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။ (NN-12)

https://www.facebook.com/narinjara.info/posts/699286978905101

Leave a Reply

Your email address will not be published.