ရခိုင်မှ ကျောင်းသူတစ်ဦး ရန်ကုန်တွင် ၁၀ ရက်ကြာ ပျောက်ဆုံးနေ

By Narinjara / 2023 September     25

ဓာတ်ပုံ – ပျောက်ဆုံးနေသည့် မလှိုင်ရတနာထွန်းအားတွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ ကျောင်းသူတစ်ဦးသည် ရန်ကုန်တွင် ၁၀ ရက်ကြာသည့်တိုင် အဆက်သွယ်မရဘဲပျောက်ဆုံးနေ၍ မိသားစုဝင်များ စိုးရိမ်နေကြရသည်ဟု သိရသည်။

ပျောက်ဆုံးသွားသည့်ကျောင်းသူမှာ မာန်အောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာမှ အသက်(၂၀)အရွယ် မြန်မာစာမေဂျာဖြင့် ဒုတိယနှစ် အဝေးသင်တက်ရောက်မည့် မလှိုင်ရတနာထွန်းဖြစ်သည်။

မလှိုင်ရတနာထွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တိုက်အမှတ် (၂၆)၊ ကျန်စစ်မင်းအိမ်ရာတွင် အစ်ကိုဖြစ်သူ ကိုဖြိုးဝေအောင်နှင့်အတူ နေထိုင်ပြီး တိုက်အမှတ်(၃၂)၊ ကျန်စစ်မင်းအိမ်ရာရှိ အစ်ကိုဖြစ်သူ၏ အသုပ်ဆိုင်တွင် ဆိုင်ကူရောင်းပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်  စက်တင်ဘာလ ၁၆ ရက်နေ့က ဆိုင်ကူရောင်းနေစဉ် ထမင်းစားရန် အစ်ကိုဖြစ်သူက အိမ်ပြန်ခိုင်းရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်လှတင်နုက ပြောသည်။

“အဲ့ဒီနေ့က သူ့အစ်ကိုနဲ့ စကားကတောက်ကဆဖြစ်ကြတယ်လို့ပြောတယ်။ ဖြစ်တာကလည်း ကြီးကြီးကျယ်မဟုတ်ဘူး။ ညီမလေး နင် ရှေ့လဆိုကျောင်းတက်ရတော့မယ်။ ကျောင်းတက် စရိတ်တွေလည်းပေးရဦးမှာမို့ အရင်လို လခအပြည့်မပေးတော့ဘူး။ လခလျှော့ပေးမယ်ဆိုပြီးပြောလို့ စကားကတောက်ကဆဖြစ်တယ်လို့ သားကပြောပါတယ်။ သူ့ကို ထမင်းစားဖို့ နေတဲ့အိမ်ကို ပြန်ခိုင်းရာကနေ ဆိုင်ကို တော်တော်နဲ့ပြန်ရောက်မလာတော့ဘူး။ ဆိုင်ကလည်း ကျန်စစ်မင်းအိမ်ရာအတွင်းမှာပဲရှိတာ။ နီးနီးလေးပါ။ ပြန်ရောက်မလာတော့လို့ သားက သူ့ညီမကို အိမ်ပြန်ရှာတယ်။ မရှိဘူး။ အဲ့ဒီကနေ ပျောက်သွားတာပါ” ဟု ပြောသည်။

ပျောက်ဆုံးသွားသည့်နေ့မှစ၍ ယနေ့ စက်တင်ဘာလ ၂၅ ရက်အထိ ၁၀ ရက်ကြာသည့်တိုင် အဆက်အသွယ်တစ်စုံတစ်ရာမရသည့်အတွက် မိသားစုဝင်များမှာ စိတ်ပူနေရကာ မသမာသူများလက်ထဲရောက်သွားမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေါ်လှတင်နုက ဆက်ပြောသည်။

“ဖုန်းဆက်ရင်လည်း ဆက်သွယ်မှုဧရိယာပြင်ပတဲ့။ သမီးလေးက ရှေလထဲဆို ကျူရှင်လည်း တက်ရတော့မယ်။ သူ့သူငယ်ချင်းတွေကို ဖုန်းဆက်မေးတော့လည်း အဆက်အသွယ်မရဘူးလို့ပဲ ပြောကြတယ်။ စိုးရိမ်နေတာက ပြောမပြတတ်အောင်ပါပဲ” ဟု ပြောသည်။

မလှိုင်ရတနာထွန်းမှာ ကျောင်းမတက်ရသေးမီ အတွေ့အကြုံရရန်ဟုဆိုကာ ပြီးခဲ့သည့် မေလက အစ်ကိုဖြစ်သူ၏ အသုပ်ဆိုင်တွင် ဆိုင်ကူရောင်းပေးရန်အတွက် ရန်ကုန်တွင် သွားရောက် နေထိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီကလည်း ရန်ကုန်မြို့၊ အရှေ့ဒဂုံ(၁၃)ရပ်ကွက်၊ ရှင်ထွေးညိုလမ်းရှိ အောင်သစ္စာဘုန်းတော်ကြီးကျောင်းတွင်နေထိုင်ကာ ကျောင်းတက်နေသည့် မြောက်ဦးမြို့နယ်၊ တန်းပျင်းကြီးကျေးရွာမှ အသက်(၁၈)နှစ်အရွယ် မောင်မင်းဦးအောင်မှာ ကျူရှင်သို့သွားရာတွင် ပျောက်ဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ Grade 10 အတွဲ(၇) ဝိဇ္ဇာဘာသာတွဲကို ရန်ကုန်တွင်ပညာသင်ယူနေသည့် အသက် (၁၄)နှစ်အရွယ် မလင်းလဲ့ရွှေရည်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ (၅)လမ်းတွင် အဒေါ်ဖြစ်သူနှင့်နေထိုင်ရာ အိမ်တွင်လူမရှိခိုက် တစ်ယောက်တည်းထွက်လာရာမှ ပျောက်ဆုံးသွားခဲ့သည်။

ယင်းနောက် ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ဇေယျာသီရီ (၂)လမ်းရှိ ဒေါ်မြင့်မြင့်မှုမှ လမ်းပျောက်၍ ခေါ်ယူထားရာမှ မိသားစုများကို အသိပေးလာသည့်အတွက် ပြန်ရှာတွေ့ခဲ့သည်။ (NN-12)

https://www.facebook.com/narinjara.info/posts/711048591062273

Leave a Reply

Your email address will not be published.