(ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်နိုင်ရေးကိုလည်း စည်းရုံးခဲ့)
By Western News / 2023 September 18

တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီက စီစဉ်လျှက်ရှိနေပြီး ရခိုင်ပြည်မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီအဖွဲ့ဝင်များက ဒေသခံပြည်သူများအား လာရောက်စည်းရုံးနေကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အတူ ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းတို့အဖွဲ့မှာ ကျောက်ဖြူခရိုင်နှင့် တောင်ကုတ်ခရိုင်သို့ ရောက်ရှိလာကာ ဒေသခံပြည်သူများအား စည်းရုံးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုရှိစေရေးကို အလေးထားဆောင်ရွက်နေသည်ဟု ဒေါက်တာဘရွှေက ဒေသခံများအား ပြောကြားခဲ့သည်။
ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အဓိကထား အကောင်အထည်ဖော်နေခြင်းနှင့် ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ဒေသခံပြည်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းကြရန် ဒေါက်တာဘရွှေက စည်းရုံးခဲ့သည်။
ကျောက်ဖြူဒေသခံတစ်ဦးက “ရခိုင်မှာ ဘယ်လောက်ပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စည်းရုံးစည်းရုံး ဒေသခံတွေက စိတ်ဝင်စားမှာ မဟုတ်ဘူး။ အခု နိုင်ငံတဝန်းမှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာတွေက အယုံအကြည်မဲ့စေတယ်။ စစ်ကောင်စီက ဘာပဲလုပ်လုပ်ထောက်ခံကြမှာ မဟုတ်ဘူး။ ရခိုင်မှာဆိုရင်လည်း အပြစ်မဲ့ပြည်သူတွေကို ပုဒ်မအမျိုးမျိုးတပ် မတရားဖမ်းဆီး ထောင်ချလုပ်နေတာတွေကို မျက်ဝါးထင်ထင်မြင်နေရတော့ အရမ်းစိတ်ပျက်နေပါပြီ။ ဒါ့ကြောင့် ရွေးကောက်ပွဲကို သဘောတူမှာ မဟုတ်ပါဘူး ” ဟု ပြောသည်။
ယင်းအပြင် ဒေါက်တာဘရွှေသည် ကျောက်ဖြူဒေသခံများနှင့် ရမ်းဗြဲဒေသခံတို့ကို ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အကြောင်း ပြောကြားခဲ့သည်။
စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေးကို ဦးစားပေး လုပ်နေသလို ကျောက်ဖြူအထူးစီးပွားရေးဇုန် အောင်မြင်စွာ ပြီးစီးပါက ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာရရှိလာမည်ဟု ဒေါက်တာဘရွှေက ဆိုသည်။
လက်ရှိတွင် အထူးစီးပွားရေးဇုန်၏ လုပ်ငန်းတစ်ခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကို စစ်ကောင်စီက တရုတ်ဖိအားကြောင့် စတင်လုပ်ဆောင်နေပြီး ယင်းလုပ်ငန်း အကောင်ဖော်ဆောင်နေသည်ကို ရခိုင်ဒေသခံများ သဘောမတွေ့ကြပေ။
သုတေသန အဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် လေ့လာရေးအင်စတီကျု၏ အစီရင်ခံစာများအရ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံကုန်ကျမည့် ယင်းရေနက်ဆိပ်ကမ်းစီမံကိန်းကို မဒေးကျွန်းက မြေဧက ၃၇၀ နှင့် ရမ်းဗြဲကျွန်းကမြေဧက ၂၃၇ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။
ရေလုပ်ငန်းကို အဓိကလုပ်ဆောင်ကြသည့် သေခံရေလုပ်သားများ၏ တစ်ပိုင်တစ်နိုင် လုပ်ကွက်များအတွင်း တရုတ်၏ ရေနံတင်ဆိပ်ကမ်းနှင့် ရေနံတင်သင်္ဘောလမ်းကြောင်း သတ်မှတ်လိုက်ခြင်းကြောင့် ဒေသခံရေလုပ်သားများ၏ တစ်ပိုင်တစ်နိုင် ရေလုပ်ကွက်များပျက်စီးသွားခဲ့ကြရပြီး စီမံကိန်းများကြောင့် ဒေသတွင်းဖွံ့ဖြိုးမလာသည့်အပြင် ဆင်းရဲမွေးတေမှုသာ တိုးပွားလာနေကြောင်း သိရသည်။
ဒေသခံရေလုပ်သားများဖက်မှ ၂၀၁၇ မေလတွင် ဆန္ဒထုတ်ဖေါ်ကာ ရေလုပ်သားများအတွက် ကူညီဖြေရှင်းပေးရန် နိုင်ငံတော်အစိုးရနှင့် ကုမ္ပဏီဖက်ကို တောင်းဆိုခဲ့ကြသော်လည်း အစိုးရဖက်ကရော ကုမ္ပဏီဖက်ကပါ ဒေသခံများ၏ နစ်နာမှုကို လာရောက်ဆွေးနွေးညှိနှိုင်းမှုမျိုးတောင် မရှိခဲ့ကြပေ။
ကျောက်ဖြူအထူစီးပွားရေးဇုန် တည်ဆောက်မည့် မြေယာအပါအဝင် ကျောက်ဖြူဒေသအတွင်း မြေယာပိုင်ဆိုင်မှုမှာ ယနေ့အချိန်ထိ ဓလေ့ထုံးတမ်းအရပိုင်ဆိုင်မှုသာရှိပြီး ၂၀၁၂-၂၀၁၃ မှာ အတည်ပြုပြဌာန်းခဲ့သည့် လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေများကြောင့် ဒေသအတွင်း မြေယာပိုင်ဆိုင်မှုကို များစွာခြိမ်းခြောက်လျှက်ရှိနေကြောင်း စုံစမ်းသိရသည်။
သဘာဝအလျှောက်ပေါက်ရောက်ပြီး သဘာဝဘေးဒဏ်ကို ကာကွယ်ပေးနေသည့် ဒီရေတောများကိုလည်း ငွေကြေးချမ်းသာသူများက ပိုင်ဆိုင်မှုများရယူပြီး ဖျက်ဆီးနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်မည်ဆိုလျှင် အသေးစိတ်အချက်အလက်များစွာကို သုတေသနပြုလုပ်ရန် လိုအပ်ကြောင်း၊ မြေယာလျော်ကြေးညှိနှိုင်းခြင်းနှင့် လျော်ကြေးမူဝါဒ အသေးစိတ်ချမှတ်ခြင်းများ၊ ထိခိုက်နစ်နာသွားမည့် ရေလုပ်သားများအတွက် အစားထိုးလုပ်ငန်းများကို အကောင်အထည်ဖေါ်ပေးခြင်းများ၊ ဒေသဖွံ့ဖြိုးရေး မူဝါဒချမှတ်ခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကြိုတင်ဖန်တီးပေးခြင်းများ ဦးစွာပြုလုပ်ပေးရန် လိုအပ်သည်ဟု ဒေသခံများက တောင်းဆိုနေကြသည်။
https://www.facebook.com/westernnewsagency/posts/747073087432120