ရခိုင်မှာ ကူညီခွင့်ရသော်လည်း ကချင်နှင့် နိုင်ငံအရှေ့တောင်ပိုင်းတွင် ကန့်သတ်ခံထားရဆဲဟု ကုလပြော

(ရခိုင်က မုန်တိုင်းသင့်ပြည်သူများမှာ လိုအပ်ချက်များနေ၍ ရံပုံငွေများ လိုအပ်နေဆဲဖြစ်)

By Western News / 2023 September     11

ပုံစာ-မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရသေ့တောင်မြို့။

လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်များ ရခိုင်မှာ ကူညီခွင့်ရရှိထားသော်လည်း ကချင်ပြည်နယ်နှင့် နိုင်ငံအရှေ့တောင်ပိုင်းဖြစ်သည့် ရှမ်း(တောင်)၊ ကရင်နီ (ကယား)၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသတို့တွင် ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း UN က စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်း မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များ ခွင့်ပြုချက်ရရှိထားပြီဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးပစ္စည်းအချို့ကိုလည်း ဖြန့်ဝေထားကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဆိုသည်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီးကတည်းက ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအား ကူညီထောက်ပံ့ခွင့်ရရှိရေးကို UNOCHA က စစ်ကောင်စီထံသို့ ၃ လကျော်ကြာသည်အထိ ဆက်တိုက်တောင်းဆိုခဲ့ပြီးနောက် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်က မုန်တိုင်းသင့်ဒေသခံများမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီများပိုမိုပေးသွားရန် လိုအပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်က ပြောသည်။

ယင်းအပြင် ကချင်ပြည်နယ်နှင့် နိုင်ငံအရှေ့တောင်ပိုင်းဖြစ်သည့် ကရင်နီ၊ ကရင်နှင့် ပဲခူးတိုင်း ဒေသတို့တွင် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာသောကြောင့် နေရပ်စွန့်ခွာရသူများနှင့် ဘေးဒဏ်သင့်ရပ်ရွာဒေသခံများအား အချိန်နှင့်တစ်ပြေးညီ အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေးကို အဟန့်အတားဖြစ်နေကြောင်း UNOCHA က ဆိုသည်။

နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနှင့် အရပ်သားပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားနေသည်။

ယခုအခါ နိုင်ငံတစ်ဝှမ်းက လူဦးရေ ၁ ဒသမ ၉ သန်းကျော်သည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိကြောင်း UNOCHA က ပြောသည်။

မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နှင့် နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ရေကြီးရေလျှံခဲ့ကာ သြဂုတ်လဆန်းပိုင်းမှ စတင်၍ လူပေါင်း ၈၀,၀၀၀ ကျော်မှာ ရေဘေးဒုက္ခရင်ဆိုင်ခဲ့ရသည်။ 

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များ လျှော့ပေါ့ပေးခြင်းနှင့် ရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကို တုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် မရှိမဖြစ် လိုအပ်နေသည်။

၂၀၂၃ ခုနှစ်၏ ၈ လတာ ကာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဥ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းကိုသာ ရရှိထားသေးကြောင်း UNOCHA က ဆိုသည်။ 

ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် ပြင်းထန်သောတိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့တွင် လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အချိန်နှင့်အမျှပြောင်းလဲနေသော လုံခြုံရေးအခြေအနေများကြောင့် ပဋိပက္ခဒဏ်သင့်သည့်ဒေသခံများ၏ ရွှေ့ပြောင်းသွားလာရခြင်းများသည် နေရာအတည်တကျမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ကြောင်းနှင့် ယင်းအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းကျော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/742825194523576

Leave a Reply

Your email address will not be published.