By DMG / 2023 September 29

ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် ရှင်မာလဲပွဲတော်ကို ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မေယုကမ်းဒေသက ကျေးရွာတချို့မှာ ယနေ့ စက်တင်ဘာလ ၂၉ ရက် (တော်သလင်းလပြည့်နေ့)တွင် ပြုလုပ်ခဲ့ကြသည်။
ရှင်မာလဲပွဲတော်မှာ ဆီမီးတစ်ထောင်၊ ကြာဖြူတစ်ထောင်၊ ကြာညိုတစ်ထောင်၊ ကြာနီတစ်ထောင်၊ ပေါက်ပေါက်တစ်ထောင်၊ သင်းပုန်းဆွမ်းတစ်ထောင်၊ တံခွန်တို့ကို ကပ်လှူပူဇော်ပြီး ဝေဿန္တရာဇာတ်တော်ကို ရွတ်ဖတ်ပူဖော်ကြသည်။
“ဘုရားမှာ ပန်းတွေ၊ ဆွမ်းတွေ ကပ်လှူကြပြီးတော့ အရိမေတ္တယျမြတ်စွာဘုရားကို ဖူးမြော်ရပါလို၏လို့ ဆုတောင်းကြတယ်။ ဒီပွဲတော်ကိုပြုလုပ်ပြီး ဝေဿန္တရာဇာတ်တော်ကို အဆုံးထိ ယုံကြည်စွာနာယူရင် အပါယ်ငရဲ မသွားဘူးလို့ ယုံကြည်ကြတယ်” ဟု ရသေ့တောင်မြို့နယ်၊ မော်ထက်ကျေးရွာမှ ဦးမောင်ညွန့်စိန်က ပြောသည်။
ယခင်က ရှင်မာလဲပွဲတော်ကို နှစ်စဉ် တန်းဆောင်မုန်းလတွင် ကျင်းပခဲ့ကြသော်လည်း ယခုအခါ တော်သလင်းလပြည့်နေ့တွင် ပြောင်းလဲပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ရှင်မာလဲပွဲတော်ကို ရခိုင်ပြည်အတွင်းက ရသေ့တောင်မြို့နယ်၊ မေယုကမ်းဒေသအပြင် အခြားကျေးရွာအချို့တွင်လည်း ပြုလုပ်ကြကြောင်း သိရသည်။
“ဒီဘုရားပွဲကို အရင်ကတည်းကလည်း လုပ်လာတာ။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နှစ်တွေမှာတော့ မလုပ်ဖြစ်ဘူး။ အခုပြန်ပြီးတော့ ပြုလုပ်တာက နှစ်နှစ်ရှိပါပြီ” ဟု ရသေ့တောင်မြို့နယ်၊ မော်ထက်ကျေးရွာမှ ဦးလှအောင်စောက ပြောသည်။
မလိယမဟာဒေဝ (ဝါ) ရှင်မာလဲ မထေရ်သည် စူဠကလ္လရွာသား ဥပါသကာ တစ်ဦးထံမှ လှူဒါန်းသော ကြာပန်းခုနှစ်ဆူကို တာဝတိံသာနတ်ပြည်ရှိ စူဠမဏီစေတီတော်တွင် သွားရောက်ကပ်လှူစဉ် နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရားလောင်းနတ်နှင့် တွေ့သည်။
ထို့နောက် အရိမေတ္တယျဘုရားလောင်းနတ်သားက လူ့ပြည်မှာ (မနုဿ) လူသားတို့သည် ရှိခိုးကန်တော့စဉ်တွင် မည်သည့်ဆုကိုတောင်းသနည်းဟု မေးတော်မူရာတွင် ရှင်မာလဲမထေရ်က အရိမေတ္တယျဘုရားကို ဖူးမျှော်ရပါလို့ဟု ဆုပန်ကြောင်း ဖြေကြားတော်မူသည်။
ယင်းနောက် အရိမေတ္တယျဘုရားလောင်း နတ်သားက ငါဘုရားဖြစ်တော်မူချိန်တွင် ဖူးမျှော်လိုလျှင် ဆီမီးတစ်ထောင်၊ ကြာဖြူတစ်ထောင်၊ ကြာညိုတစ်ထောင်၊ ကြာနီတစ်ထောင် ကပ်လှူပူဇော်ပြီး ဂါထာပေါင်းတစ်ထောင်ရှိသည့် ဝေဿန္တရာဇာတော်ကို ရွတ်ဖတ်ပူဇော်ကြရန် မိန့်တော်မူခဲ့သည်။
ရှင်မာလဲမထေရ်က လူ့ပြည်သို့ ပြန်ရောက်စဉ် ထိုစကားကို ပြန်လည်ပြောကြားခဲ့ပြီး ရှင်မာလဲပွဲတော်သည်လည်း ထိုအခြင်းအရာကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဟု ဗုဒ္ဓစာပေကျမ်းဂန်များတွင် တွေ့ရသည်။
https://www.facebook.com/dmgnewsagency/posts/706405228199743