ရခိုင်တွင် အမှုသည်များ အကြိမ်ကြိမ် ရုံးချိန်း ရွှေ့ဆိုင်းခံနေရမှု  လူ့အခွင့်ရေး ချိုးဖောက်မှုဖြစ် 

By Western News / 2023 September     17

ရခိုင်တွင် နိုင်ငံရေးပုဒ်မအမျိုးမျိုးနှင့် လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖမ်းဆီး တရားရင်ဆိုင်နေရသူများထဲမှ အချို့မှာ အပြီးသတ်အမိန့်ချမည့် ရက်များ အကြိမ်ကြိမ် ရွှေ့ဆိုင်းခံနေရခြင်းသည် လူ့အခွင့်ရေး ချိုးဖောက်မှုများဖြစ်ကြောင်း  လူ့အခွင့်လှုပ်ရှားနေသူများက ပြောသည်။

ထိုသို့အပြီးသတ်အမိန့်ချမည့်ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်းခံနေရသူများမှာ နိုင်ငံရေးပုဒ်မများဖြစ်သည့် ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) စသည်တို့ဖြင့် စွဲဆိုခံရသူများဖြစ်ပြီး တစ်ချို့မှာ ပုဒ်မ ၂ ခုလုံးဖြင့်စွဲဆိုခံရသူများရှိသည်။

ထိုသူများထဲမှ တစ်ဦးဖြစ်သည့် ကျော်တော်မြို့နယ်မှ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မဖြင့် စွဲဆိုခံထားရသူ ကိုဇော်ဝင်း(လူထုဇော်ဝင်း) ကိုဇော်မိုး၊ ဦးကျော်သန်းမောင် တို့မှာလည်း ရုံးချိန်းများရွှေ့ဆိုင်းခံနေရဆဲဖြစ်ပြီး ပြစ်မှုမထင်ရှားပါက လွှတ်ပေးစေချင်ပြီဟု မိသားစုဝင်များကပြောသည်။

“လွတ်မလားနဲ့ မျှော်နေရတာပဲ။ ခုလိုတွေဘာကြောင့် ရက်ရွှေ့နေလဲသေချာမသိပေမယ့် အချုပ်ခန်းရောက်နေသူ တွေအတွက်တော့ နစ်နာတယ်လေ။ ပြန်လွတ်မယ်ဆိုရင်လည်း မြန်မြန်အမိန့်ချပြီး လွှတ်ပေးစေချင်ပြီ” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ယင်းအပြင် NUG/CRPH တို့နှင့်ဆက်စပ်၍ဟုဆိုကာ ဖမ်းဆီးခံထားရသူ မြောက်ဦးမှ ရင်ဆို့(ခေါ်) ကိုကျော်ဇံဝေမှာလည်း အပြီးသတ်အမိန့်ချမည့်ရက် ရွေ့ဆိုင်းခံနေရမှုမှာ ၆ လခန့်ရှိနေပြီဖြစ်ပြီး ထူးခြားမှု တစ်စုံတစ်ရာရှိမလာသေးဟု ၎င်း၏ ညီဖြစ်သူက ပြောသည်။

“အမိန့်ချမယ့်ရက်ရွေ့ရွေ့နေတာတော့ ၆ လနီးပါလောက်ရှိနေပါပြီ။ ရုံးချိန်း‌တိုင်းတော့ ဒီဖက်ကသွားရတယ်‌ ပေါ့နော်။ ထူးခြားတာတော့မရှိသေးဘူး။ သူတို့ပြောသလောက်တော့အမိန့်မချတာက အပေါ်က အမိန့်မရသေးလို့လို့တော့သိရတယ်” ဟုပြောသည်။

ထိုသူများအပြင် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်မှုဖြင့် ၁၇(၁) ပုဒ်မဖြင့်စွဲဆိုခံထားရသည့် တောင်ကုတ်မှ ဒေါက်တာကျော်သူရထွန်း တို့မှာလည်း အမိန့်ချမည့်ရက် အသီးသီးရွှေ့ဆိုင်းခံနေပြီး ကျောက်ဖြူဒေသခံ ၂၃ ဦးကိုလည်း တကျော့ပြန်ကာလ အတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံထားကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုတို့အပြင် ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲ ဆိုခံထားရသည်။

ထိုသို့ရုံးချိန်းများအကြိမ်ကြိမ်ရွေ့ဆိုင်းခံနေရမှုမှာ တရားစွဲဆိုခံထားရသူများအနေဖြင့် ဥပဒေအခွင့်အရေး ချိုးဖောက်ခံ နေကြရခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြောဆိုထားမှုရှိသည်။

ရခိုင်တွင် နိုင်ငံရေးပုဒ်မအမျိုးမျိုးဖြင့် စစ်ကောင်စီထံ တရားစွဲဆိုခံရသူ အများအပြားရှိပြီး ထိုအထဲတွင် ယခုကဲ့သို့ အမိန့်ချမည့်ရက်အကြိမ်ကြိမ် ရွေ့ဆိုင်းခံနေကြရသူများအပြင် အမှုအားစစ်ဆေးခြင်း တစ်စုံတစ်ရာမပြု လုပ်ရသေးသူများနှင့် တရားရင်ဆိုင်နေရဆဲဖြစ်သည့်သူများလည်းရှိကာ တစ်ချို့ထောင်ဒဏ်ချမှတ်မှုတို့လည်းရှိ နေသည်။

ယင်းကဲ့သို့ အပြီးသတ်အမိန့်ချမည့် ရက်များ အကြိမ်ကြိမ် ရွှေ့ဆိုင်းခံနေရခြင်းသည် လူ့အခွင့်ရေး ချိုးဖောက်မှုများဖြစ်ကြောင်း  ရခိုင်က လူ့အခွင့်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

“ဘာမှ အကြောင်း ပြချက် မရှိဘူ။ ဒီလို ခဏခဏ ရွှေ့ဆိုင်းတယ်။ ဒါက အမှုသည်တွေအတွက် အရမ်းကို နစ်နာပါတယ်။ တစ်ချို့ဆိုရင် အမှုတစ်ခုတည်းတင် နှစ်ချီကြာနေပြီ။ ခိုင်လုံတဲ့အကြောင်းပြချက် ဘာမှ မပေးဘူး။ အပြစ်မရှိဘူးဆိုရင်လည်း လွှတ်ပေးဖို့လိုတယ်။ ဒါက လူ့အခွင့်အရေး လုံးဝကို မတရား ချိုးဖောက်၊ ကျူးလွန်နေတာဖြစ်တယ်”ဟုပြောသည်။

ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲစဖြစ်ပွားချိန်မှစ၍ ရခိုင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိခဲ့ပြီး ထိုအထဲမှ လက်ရှိချိန်အထိ ၄၀၀ ကျော်သာလွှတ်မြောက်မှုရှိခဲ့ပြီး ထိုအထဲတွင် AA နှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူများလည်းပါဝင်သည်။

နိုင်ငံရေးပုဒ်မအမျိုးမျိုးဖြင့်စွဲဆိုခံနေရသူများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ဖက်ကမူ ထိုသူများအား စစ်ကောင်စီအနေဖြင့် လွှတ်ပေးရန်လိုအပ်ကြောင်းနှင့် မလွှတ်သေးသူအများအပြားကျန်နေသေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုမှုတို့ရှိထားသည်။

https://www.facebook.com/westernnewsagency/posts/746504994155596

Leave a Reply

Your email address will not be published.