ရခိုင်တွင် လူဦးရေ ကျဆင်းမှုသည် အကြီးမားဆုံး ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုတစ်ခုဟု AA  စစ်ဦးစီးချုပ်ပြော

လူဦးရေကျဆင်းမှု ကပ်ဆိုးကြီးကို အသံတိတ်ရင်ဆိုင်နေရ

By Western News / 2023 September     7

ရခိုင်ပြည်တွင် ရခိုင်လူမျိုးများအနေဖြင့် လူဦးရေကျဆင်းလာမှုပြဿနာကို သတိမထားမိကြဘဲ ထိုပြဿနာမှာ အသံတိတ်ကပ်ဆိုးကြီးအနေဖြင့် ကျရောက်လျက်ရှိနေသည်ဟု ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ်ဖြစ်သူက ပြောကြားလိုက်သည်။

ရခိုင်လူမျိုးများအနေဖြင့် လက်ရှိရခိုင်ပြည်တွင်းတွင်ဆင်းရဲမွဲတေခြင်း၊ စစ်ဘေးနှင့် မလုံခြုံမှုစသည့်ပြဿနာများ ကိုသာ အများဆုံးသတိထားမိနေကြပြီး လူဦးရေနည်းပါးလာမှုပြဿနာကိုမှု သတိမထားမိဘဲရှိနေကြသည်ဟု ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

“ဆင်းရဲတာ၊ စစ်ဘေးအန္တရာယ်နဲ့ လုံခြုံမှုမရှိတာတွေ ကြုံနေရတာကို သေချာသိကြပေမယ့် လူတွေသတိမထား တာက လူငယ်တွေတော်တော်များများ နိုင်ငံခြားကိုသွားတယ်။ ဆင်းရဲတဲ့အတွက် သားသမီးများများမယူကြ တော့ဘူး။ ယူထားတဲ့ကလေးတွေကိုလည်း ကျန်းမာအောင်မထားနိုင်တာတွေရှိနေတာကိုပဲ။ ဒီလိုနဲ့ ကိုယ်တို့တတွေဟာ လူဦးရေကျဆင်းမှုကပ်ကြီးကို အသံတိတ်ရင်ဆိုင်နေကြရပြီဖြစ်တယ်” ဟုပြောသည်။

တပ်တွင်းစစ်သည်များနှင့် တွေ့ဆုံစဉ် ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့သောအခြေနေမျိုးကို ဆက်လက်မထိန်းချုပ်နိုင်ပါက ရခိုင်ပြည်အနာဂါတ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်ဟု ဗိုလ်ချုပ်က ဆက်လက်ပြောကြားထားသည်။

“ဒါဟာ ရခိုင်ပြည်အနာဂါတ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တယ်။ လာမယ့် နှစ် ၂၀ ကနေ ၃၀ အတွင်းမှာ ဒီပြဿနာကိုသာ မပြုပြင်နိုင်ခဲ့ရင် ရခိုင်ဆိုတဲ့ အနာဂါတ်ဟာလည်းရှိတော့မှာ မဟုတ်ဘူး” ဟုဆက်ပြောသည်။

ရခိုင်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် လူးဦးရေ ၃ သန်းကျော် နေထိုင်လျှက်ရှိကြောင်းနှင့် ကျားဦးရေထက် အမျိုးသမီးဦးရေပိုများကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/740674034738692

Leave a Reply

Your email address will not be published.