By Western News / 2023 September 9
ယနေ့တွင် ကျရောက်သည့် စက်တင်ဘာလ ၉ ရက် ဦးဥတ္တမနေ့ကို ရခိုင်ပြည်ရှိ မြို့နယ်အားလုံးနီးပါး၌ ဦးဥတ္တမနေ့အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခြင်းမရှိကြောင်း သိရသည်။
ရခိုင်ရှိ မြို့နယ်များအားလုံးနီးပါးတွင် ဦးဥတ္တမရုပ်ထုထားရှိတတ်ပြီး ဦးဥတ္တမနေ့ရောက်တိုင်း အဆိုပါနေရာတွင် လွမ်းသူ့ပန်းခွေများချခြင်း၊ အခမ်းအနားဖြင့် ကဗျာရွတ်ပွဲ၊ ဟောပြောပွဲတို့ကျင်းပလေ့ရှိတတ်ကြပြီး ယခုနှစ်ပိုင်းများတွင် အဆိုပါအခမ်းအနားများအား ပြုလုပ်ခြင်းမရှိကြပေ။
ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင်ပင် ယနေ့ကျရောက်သည့် ဦးဥတ္တမနေ့၌ ယခင်သို့ လွမ်းသူ့ပန်းခွေလာရောက်ချသူများ၊ အခမ်းအနားများဖြင့် စည်ကားစွာရှိမနေဘဲ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။
ဦးဥတ္တမနေ့တွင် လှုပ်ရှားမှုများနှင့်ပတ်သက်၍ ကျောက်တော်မှ လူမှုရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက ယနေ့ကျရောက်သည့် ဦးဥတ္တမနေ့တွင် အောက်မေ့ဖွယ်အထိမ်းအမှတ်များကို မိမိအစီစဉ်ဖြင့်သာ ပြုလုပ်နေကြပြီး လူစုလူဝေးများဖြင့် ထင်ပေါ်စွာပြုလုပ်ခြင်းမရှိဟု ပြောသည်။
“ကိုယ့်အစီစဉ်နဲ့ ကိုယ်တော့လုပ်ကြတာရှိပါတယ်။ အရင်လိုလူစုလူဝေးနဲ့တော့ မပြုလုပ်ကြတော့ဘူး။ ဒါကလည်း အခြေနေပေါ်မူတည်ပြီးလုပ်ကြရတာပါပဲ။ စျေးဆိုင်တွေအနေနဲ့လည်း ပိတ်တဲ့သူတွေပိတ်ကြတယ်။ တစ်ချို့လည်းရောင်းကြတယ်” ဟုပြောသည်။
စစ်တွေနှင့် ကျောက်တော်မြို့အပြင် တစ်ခြားမြို့နယ်များဖြစ်သည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ အမ်း၊ မြောက်ဦး စသည်တို့တွင်လည်း ဦးဥတ္တမနေ့အခမ်းအနားအား ကျင်းပပြုလုပ်မှုမရှိကြဘဲရှိသည်။
အမ်းတွင်မူ ဦးဥတ္တမနေ့အထိမ်းအမှတ်အနေဖြင့် မြို့နှင့် မိုင် ၃၀ ခန့်အကွာအဝေးရှိသည့် ဦးဥတ္တမဘေးမဲ့တော ထဲတွင် ဦးဥတ္တမနေ့အထိမ်းအမှတ်အနေဖြင့် သစ်ပင်များများစိုက်ခြင်း၊ ဂဏန်းများလွှတ်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်ဟု အမ်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။
မြောက်ဦးဒေခံတစ်ဦးကမူ ဒေသနေသူများအနေဖြင့် လူစုလူဝေးဖြစ်ပေါ်မည့်အခြေနေနှင့်ပတ်သက်၍ ကြောက်ရွံ့နေကြခြင်းဖြစ်သည့်အတွက် ယခင်ကဲ့သို့ လွမ်းသူ့ပန်းခွေများချခြင်းကိုပင် မပြုလုပ်ကြတော့ဟု ဆိုသည်။
“၂၀၁၅ မြောက်ဦးအရေးခင်းနောက်ပိုင်း လူစုလူဝေးဖြစ်မှာတွေကို လူတွေကသိပ်မလုပ်ကြတော့ဘူး။ ပြီးတော့ အခုအခြေနေအရလည်း အခမ်းနားတွေထလုပ်ရင်အဖမ်းခံရနိုင်တယ်လို့တွေးမိနေကြတယ်။ အရင်ကဆို ဦးဥတ္တမနေ့ဆို မနက်စောစောကတည်းက စည်ကားနေတာပဲ။ နယ်တွေကနေတောင် ပန်းခွေတွေလာချကြတယ်” ဟုဆိုသည်။
ဦးဥတ္တမနေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရရန် တော်လှန်တရားများကို ပထမဆုံးလိုက်လံဟောပြောခဲ့သူ ဆရာတော်ဦးဥတ္တမ ကွယ်လွန်သည့် စက်တင်ဘာ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ထားခြင်းဖြစ်ပြီး အဆိုပါနေ့ ရောက်တိုင်း ရခိုင်ရှိမြို့နယ်များအပြင် ပြည်ပရောက်ရခိုင်များကလည်း ဦးဥတ္တမနေ့အခ်းအနားကို ကျင်းပပြုလုပ်တတ်ကြသည်။
ဆရာတော် ဦးဥတ္တမမှာ စစ်တွေမြို့တွင်မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး တော်လှန်တရားများကိုနိုင်ငံအနှံံလှည့်လှည် ဟောပြောရာမှ အင်္ဂလိပ်အစိုးရ၏ဖမ်းဆီးထောင်ချခြင်းကို ၃ ကြိမ်တိတိခံခဲ့ရကာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အသက် ၅၉ နှစ်အရွယ်တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/741672027972226