ရခိုင်တွင် စစ်တပ်ထုတ်ကုန်များ ရောင်းအားပိုသွက်နေ

By Western News / 2023 September     27

စစ်တပ်ထုတ်ကုန် မသုံးဖို့ သပိတ်မှောက်ဆန္ဒပြကြစဉ်။
 Photo: Citizen Journalist

ရခိုင်တွင် စစ်တပ်ထုတ်ကုန် အရက်ဘီယာ၊ ဆေးလိပ်နှင့် နှင့် Mytel ဖုန်းဘေလ်ဖြည့်ကဒ်နှင့် SIM ကဒ် တို့မှာ ရောင်းအား အသွက်ဆုံးအရာများထဲတွင် ပါဝင်နေသည်ဟု အရောင်းဝယ် ကိုယ်စားလှယ်များထံမှ သိရသည်။

ဘီယာများထဲတွင် စစ်တပ်ထုတ် Andaman နှင့် မြန်မာဘီယာတို့မှာ တစ်ခြားဘီယာများထက် ရောင်းအားပိုကောင်းပြီး ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းခန့် ရောင်းအားပိုသည်ဟု ရခိုင်မှ အရက်ဘီယာ လက်လီလက်ကား ရောင်းချသူတစ်ဦးကပြောသည်။

“အရက်ဘီယာတွေထဲမှာတော့ Adaman နဲ့ မြန်မာ ကရောင်းအားအကောင်းဆုံးပဲ။ အဲ့ထဲမှာ Andamam ကပိုရောင်းရသေးတယ်။ တစ်ခြား ABC တို့ Beer Chan တို့လို့ ဘီယာမျိုးတွေနဲ့ ယှဉ်ရင် ရောင်းအားက ၈၀ ရာခိုင်နှုန်း‌လောက်ပိုတယ် ” ဟုပြောသည်။

ယင်းအပြင် စစ်တပ်ထုတ်ကုန် တစ်ခုဖြစ်သော ပရီမီယမ်နှင့် Red Ruby ဆေးလိပ်တို့မှာလည်း တစ်ခြားဆေးလိပ်တို့ထက် ရောင်းအားပိုသွက်ကြောင်း  အရောင်းဆိုင်များမှ သိရသည်။

Mytel ဆင်းကဒ်နှင့် ဖုန်းဘေလ်ရောင်းချရမှုနှုန်းမှာလဲ တစ်ခြား အော်ပရေထက်များထက်ပိုပြီး မြို့နယ်တစ်ခုအတိုင်းအတာဖြင့်ဆိုလျှင် တစ်လကို သိန်း ၅၀၀ မှ ၁၀၀၀ အတွင်းရောင်းအားနှုန်းရှိသည်ဟု Mytel ကိုယ်စားလှယ်တစ်ဦးကပြောသည်။

“Mytel ကတော့ တစ်ခြား အော်ပရေတာတွေနဲ့ယှဉ်ရင်ရခိုင်မှာ ရောင်းအားအမြင့်ဆုံးပဲ။ အရောင်းကိုယ်စား လှယ်တစ်ယောက်ဟာ တစ်နေ့ကို သိန်း ၃၀ အထိရောင်းရမှုရှိတယ်။ မြို့နယ်အတိုင်းအတာဆိုရင် တစ်လကို သိန်း ၅၀၀ ကနေ ၁၀၀၀ အထိရှိတယ်။ တစ်ခြားအော်ပရေတာတွေ ကတော့ ၂၀၀ ကနေ ၄၀၀ လောက်ပဲရှိကြတယ်” ဟုပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်ပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်နှင့် စစ်တပ်နှင့်ဆက်စပ်လုပ်ငန်းများအားသပိတ် မှောက်ရန် ပြည်တွင်ပြည်ပအဖွဲ့အစည်းအသီးသီးမှ လှုံ့ဆော်မှုရှိခဲ့ပြီး အာဏာသိမ်းပြီး နောက် ၂ လအတွင်းတွင် Mytel သုံးစွဲသူဦးရေမှာ ၂ သန်းခန့်ကျဆင်းခဲ့ကြောင်း မြန်မာစစ်တပ်၏ လူအခွင့်ရေးချိုးဖောက်မှုတို့ကို ဖော်ထုတ်နေသည့် Justic for Myanmar ကထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်လည်း စစ်တပ်ထုတ်ကုန်များနှင့်ပတ်သက်၍ သပိတ်မှောက်မှုတို့ဆက်ရှိနေသေးသော်လည်း ရခိုင်တွင်မူ စစ်တပ်ထုတ် အရက်၊ ဘီယာနှင့် ဆေးလိပ်တို့မှာ ဆက်လက်အရောင်းသွက်နေကြဆဲဖြစ်သည်။

သုံးစွဲမှုပိုများရခြင်းအကြောင်းရင်းမှာ စျေးပေါခြင်း၊ အလွယ်တကူရရှိနေခြင်းတို့ကြောင့်လည်းဖြစ်ပြီး မည်သို့ပင်ဆိုစေ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့လှုံ့ဆော်မှုတို့တွင် ရခိုင်ပြည်အနေဖြင့် ပူးပေါင်းပါဝင်သင့်သည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုမင်းကိုအောင်ကပြောသည်။

“များသောအားဖြင့် အဲ့ဒီထုတ်ကုန်တွေဟာ ရခိုင်ပြည်အတွင်းမှာ ပေါပေါသီသီရနေတယ်။ လျော့ပေါ့တဲ့စျေးနှုန်းတွေနဲ့ရတယ်။ ပြီးတော့  ကျနော်တို့ ရခိုင်ပြည်အတိုင်းအတာအရ စီးပွားရေးကလည်း ချွတ်ခြုံကျနေတာဆိုတော့ အဆင်ပြေတဲ့ဟာ အသုံးပြုလိုက်ကြရတာမျိုးလိုဖြစ်နေကြတယ်။ တပြည်လုံးအတိုင်းအတာအနေနဲ့ ဒီစစ်တပ်ထုတ်ကုန်တွေမသုံးစွဲဖို့ လုပ်ဆောင်တာတွေအပေါ် ရခိုင်ပြည်အနေနဲ့လည်းပူးပေါင်းပါဝင်သင့်တယ်လို့ထင်တယ်။ ကျနော်တို့မှာ ဘယ်လမ်းစဉ်ကိုပဲလျှောက်နေနေ ဘုံရန်သူကတော့ အတူတူပါပဲ။ ဒီတော့ ဘုံရန်သူအားနည်းစေမယ့်အရာတွေကို ကျနော်တို့ဖက်ကလည်း ပူးပေါင်းပါဝင်သင့်တယ်လို့မြင်ပါတယ်” ဟုပြောသည်။

စစ်တပ်ထုတ် အရက်ဘီယာနှင့် ဆေးလိပ် ရောင်းချသုံးစွဲမှုအခြေနေအပေါ် ရက္ခိုင့်တပ်တော်ဖက်မှလည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စျီးချောင်းသင်္ကြန်ပွဲတွင်ကန့်သတ်မှုတို့ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင်မူ ပြန်လည်ရောင်းချခွင့်ပြုထားခဲ့သည်ကို တွေ့ရသည်။

စစ်တပ်ထုတ်ကုန်များမှာ စစ်ကောင်စီတပ်ရှိ ဗိုလ်ချုပ်များ၏ အဓိကဝင်ငွေလမ်းကြောင်းများဖြစ်ပြီး အဆိုပါ ဝင်ငွေများမှာ စစ်တပ်အား လူ့အခွင့်ရေးချိုးဖောက်မှုတို့လုပ်ဆောင်ရန် အဓိကအထောက်ပံ့ဖြစ်စေသည့် အတွက် မသုံးစွဲကြရန် တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့စည်းများမှ ကမ်ပိန်းများပြုလုပ်ခြင်းနှင့် ပြောဆိုထုတ်ပြန်မှုတို့လည်း ဆက်ရှိနေဆဲဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/752552656884163

Leave a Reply

Your email address will not be published.