By Western News / 2023 September 20
ရခိုင်တွင် စက်သုံးဆီစျေးနှုန်းများမှာ ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာ တတိယသီတင်းပတ်မှစ၍ စျေးအနည်းငယ်ခန့်မြင့် တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယသီတင်းပတ်အတွင်းက စက်သုံးဆီစျေးနှုန်းမှာ 95 တစ်လီတာကို ၂၆၅၀ ကျပ်၊ ၉၂ တစ်လီတာ ၂၅၀၀ ကျပ်နှင့် ပရီမီယမ်တစ်လီတာကို ၂၇၀၀ ကျပ်ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် အဆိုပါစျေးနှုန်းထက် ကျပ် ၁၅၀ ခန့်အသီးသီးမြင့်တက်မှုရှိနေသည်။
လက်ရှိစက်သုံးဆီရောင်းချရမှုအခြေနေနှင့်ပတ်သက်၍ ရန်ကုန်-စစ်တွေကားလမ်းဘေးမှ စက်သုံးဆီအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ယခုကဲ့သို့ပြောသည်။
“ကျနော်တို့ အခုတင်ရောင်းနေတဲ့စျေးက သယ်ယူစရိတ်တောင် မကာမိပါဘူး။ ရန်ကုန်စျေးက 92 ဆို ၂၄၄၀၊ 95 ဆို ၂၅၆၅ ကျပ်၊ ပရီမိယမ်ဆို ၂၇၇၅ ကျပ်ရှိနေတယ်။ ကျနော်တို့ဖက်ကတော့ အဲ့ထက် ၁၀၀ ကျော်ကျော်လောက်ပိုတာပေါ့ ” ဟုပြောသည်။
စစ်တွေ-မင်းပြား ခရီးသည်ပို့ဆောင်နေသည့် ကားသမားတစ်ဦးကမူ လက်ရှိစက်သုံးဆီစျေးနှင့်ပင် ခရီးသည်ဆွဲ၍ တွက်ခြေမကိုက်ဘဲ ရှိနေရာ စက်သုံးဆီစျေးထပ်တက်လာမည်ကို စိုးရိမ်နေရသည်ဟု ဆိုသည်။
“စျေးနည်းနည်းတော့ ထပ်တက်တာတွေ့တယ်။ လက်ရှိစျေးနဲ့တောင်ကျနော်တို့ အဆင်မပြေဘူး။ တစ်ခါတစ်ခါ လူနည်းလို့ ကား ၂ စီးပေါင်းတင်လိုက်ရတာတွေရှိတယ်။ ဆီမလိုက်နိုင်ဘူးလေ။ ဒီထက်ပိုတက်မလာဖို့ဘဲ မျှော်လင့်ရတာပေါ့ ” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမသိမ်းမီက စက်သုံးဆီစျေးနှုန်းများမှာ တစ်လီတာကို ၁၀၀၀နှင့် ၁၅၀၀ ကျော်ခန့်လောက်သာရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပြည်နယ်၊ တိုင်းအားလုံး၌ စက်သုံးဆီစျေးနှုန်းများမှာ 92 တစ်လီတာကို ၂၃၀၀ ကျော်နှင့် 95 တစ်လီတာကို ၄၀၀၀ နီးပါးအထိ စံချိန်တင်မြင့်တက်မှုရှိခဲ့သည်။
ထိုသို့သောအခြေနေများကြောင့် စက်သုံးဆီအဓိကအသုံးပြုနေရသူများဖြစ်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ နာရေးကူညီမှုအသင်းများနှင့် ကားသမားများမှာ များစွာအခက်ကြုံတွေ့ခဲ့ကြရပြီး တစ်ချို့ကားသမားများနှင့် ပရဟိတလုပ်ငန်းတစ်ချို့မှာ ရပ်နားကြရသည်အထိရှိခဲ့သည်။
လက်ရှိ ၂၀၂၃ ခုနှစ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ်များကကဲ့သို့ စက်သုံးဆီစျေးနှုန်းစံချိန်တင် မြင့်တက်လာခြင်းမရှိသော်လည်း အာဏာမသိမ်းမီကရှိခဲ့သည့် စျေးနှုန်းသို့ ပြန်လည်ကျဆင်းခြင်း မရှိသေးဘဲ ယခုလပိုင်းအတွင်းတွင် အနည်းငယ်စျေးပြန်တက်လာခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/748327300640032