ရခိုင်က နှစ်ရာချီသက်တမ်းရှိ မီးပြတိုက်များကို ထိန်းသိမ်းရန်လိုအပ်နေ

By DMG / 2023 September        20

ပုံစာ – စစ်တွေမြို့နယ်ရှိ လေးရှင်းတောင်မီးပြတိုက်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ မာန်အောင်၊ သံတွဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တည်ရှိသည့် နှစ်ရာချီသက်တမ်းရှိ ကိုလိုနီခေတ်လက်ရာ မီးပြတိုက်များကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိသည်။

စစ်တွေမီးပြတိုက်၊ လေးရှင်းတောင်မီးပြတိုက်၊ ရသေ့တောင်မြို့နယ်မှ အွိုင်စတာ (ခ) မယူမီးပြတိုက်၊ မောင်တောမြို့နယ်မှ အုန်းကျွန်းမီးပြတိုက်နှင့် မာန်အောင်မြို့နယ်မှ လဖက်ကျွန်း မီးပြတိုက်၊ သံတွဲမြို့နယ်ရှိ ပန်းနံသာမီးပြတိုက်နှင့် အုန်းတပင်မီးပြတိုက်၊ ကျောက်ဖြူမြို့နယ်ရှိ ပေါက်နက်ချေ မီးပြတိုက်ဟု ရခိုင်တွင် မီးပြတိုက် ၈ ခုအထိရှိသည်။

အဆိုပါ မီးပြတိုက်များမှာ ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်းတစ်ရာကျော်အထိ ကြာမြင့်နေပြီဖြစ်ကာ ယိုးယွင်းပျက်စီးမှုများလာနေ၍ ထိန်းသိမ်းရန် လိုအပ်နေသည်။

“ထိန်းသိမ်းမှုမရှိတဲ့ မီးပြတိုက်တွေဟာ တဖြည်းဖြည်း ဆွေးလာတယ်။ လေးရှင်းတောင် မီးပြတိုက်ဆိုရင် ခြုံနွယ်တွေတက်ပြီး ဆွေးနေတယ်။ မထိန်းသိမ်းရင် တဖြည်းဖြည်းပျက်စီးလာမယ်။ ဆိုတော့ အရင်အင်္ဂလိပ်ခေတ်က ကျန်ခဲ့တဲ့ အမှတ်အသားတွေဟာ တဖြည်းဖြည်းပျောက်သွားပြီး သမိုင်းမှတ်တမ်းတွေလည်း ပျောက်တာနဲ့တူတူပဲ။ နောင်လာမယ့် မျိုးဆက်သစ်တွေ ဒါတွေကို မမြင်ရတော့ဘူး” ဟု အင်္ဂလိပ်လက်ထက် အဆောက်အအုံများကို သုတေသနပြုလုပ်နေသည့် စစ်တွေမြို့မှ ဦးကျော်မောင်က ပြောသည်။

စစ်တွေမြို့နယ်က လေးရှင်းတောင်မီးပြတိုက်ကို ၁၈၈၄ ခုနှစ်တွင် ကိုလိုနီအစိုးရက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အစောဆုံး မီးပြတိုက်တစ်ခုလည်းဖြစ်သည်။

လက်ရှိ လေးရှင်းတောင်မီးပြတိုက်မှာ နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှု၊ အတွင်းမှသံတိုင်များ ပျက်စီးမှု၊ အဆောက်အအုံ ပတ်လည်တွင် အက်ကွဲမှုများ ဖြစ်ပေါ်နေသည်။

ရသေ့တောင်မြို့နယ်၊ မေယုကျွန်းပေါ်ရှိ အွိုင်စတာမီးပြတိုက် (ခ) မယူမီးပြတိုက်မှာ လှိုင်းကာတံတိုင်း မရှိသဖြင့် သဘာဝဘေးဒဏ်ကြောင့် ရေတိုက်စားခံရပြီး ကမ်းပါးတဖြည်းဖြည်းပြိုကျလာနေ၍ ထိန်းသိမ်းရန် လိုအပ်နေသည်။

ရသေ့‌တောင်ဒေသခံ ကိုရန်နောင်စိုးက “ကျွန်းက အရမ်းဝေးတော့ လူသွားလူလာလည်း အရမ်းနည်းတယ်။ ထိန်းသိမ်းတာမရှိရင် ကမ်းပါးတွေ တဖြည်းဖြည်းပျက်စီးလာမယ်။ ဆိုတော့ ပိုင်နက်ပင်လယ်ပြင်ပါ ထိခိုက်လာနိုင်တဲ့အတွက် ကမ်းပါးနံရံလှိုင်းကာတွေ လုပ်စေချင်ပါတယ်။ အရင်တုန်းကလည်း ကမ်းထိန်းနံရံလုပ်မယ်ဆိုပြီး ကြားလိုက်တယ်၊ ဘယ်လို ဖြစ်သွားလည်းတော့ မသိပါဘူး” ဟု ပြောသည်။

အွိုင်စတာမီးပြတိုက် (ခ) မယူမီးပြတိုက်ကို အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး မီးပြတိုက်တစ်ခုလည်းဖြစ်သည်။

အွိုက်စတာမီးပြတိုက်တွင် ကမ်းထိန်းနံရံပြုလုပ်ရန်အတွက် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၅၀၀၊ ၂၀၁၈ ခုနှစ်တွင် ၇၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၃၁၄ သန်း စုစုပေါင်း ငွေကျပ် ၄၅၈၅ ဒသမ ၇ သန်း အသုံးပြု၍ ၂၀၁၉ ခုနှစ် ပြီးစီးအောင်ဆောက်ရွက်သွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပြောဆိုထားသော်လည်း ယခုအချိန်ထိ ပြုပြင်ပြီးစီးခြင်း မရှိသေးပေ။

ရခိုင်ပြည်တွင် မီးပြတိုက်များကို အင်္ဂလိပ်ကိုလိုနီခေတ်က ပင်လယ်ရေကြောင်း ခရီးသွားလာရေးတွင် ဘေးအန္တရာယ်ကင်းစေရန်အတွက် သတိပေးချက်အဖြစ် ပြုလုပ်တည်ဆောက်ကာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်ကိုလိုနီခေတ်နောက်ပိုင်း မီးပြတိုက်များကို ရေကြောင်းခရီးသွားလာရေးအတွက် အသုံးပြုခဲ့ကြပြီး ယနေ့တိုင် အသုံးဝင်နေဆဲဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းရန် ဒေသခံများက လိုလားနေကြသည်။

မာန်အောင်မြို့နယ်၊ ဈီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သန်းက “ကျနော်တို့ မာန်အောင်က ရေလုပ်သားတွေဟာ ဒီမီးပြတိုက်ကို အမှတ်အသားတစ်ခုလို လုံးဝ အသုံးပြုခဲ့တာဖြစ်တယ်။ ခေတ်ကာလ ပြောင်းလဲလာပေမဲ့ အသုံးပြုနေသေးတယ်။ ဒါကြောင့် ဒီဟာတွေကို မပျက်စီးရအောင် ထိန်းသိမ်းထားစေချင်တယ်” ဟု ပြောသည်။

မာန်အောင်မြို့နယ်ရှိ လက်ဖက်ကျွန်း မီးပြတိုက်မှာ ၁၉၀၉ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အတွင်းပိုင်းထောက်တိုင်အဖြစ် အသုံးပြုထားသော သံတိုင်များမှာ ယိုယွင်းပျက်စီးနေ၍ ခိုင်ခံမှု မရှိတော့သဖြင့် ဘဘာဝဘေးဒဏ်ကြောင့် ပျက်စီးနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်အတွင်းရှိ မီးပြတိုက်များကို ပြုပြင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် တာဝန်ရှိသူများထံ DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကိုလိုနီခေတ်လက်ရာ မီးပြတိုက်များကို ထိန်းသိမ်းဆောင်ရွက်ထားပါက ရေလမ်းခရီးအတွက် အသုံးဝင်သည့်အပြင် တစ်ဖက်မှာ ပြည်တွင်းလည်ပတ်စရာနေရာတစ်ခု တိုးကာ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်လာနိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။

#R010 #DMG

https://www.facebook.com/dmgnewsagency/posts/701007012072898

Leave a Reply

Your email address will not be published.