( ကျေးရွာအုပ်ချုပ်ရေးမှူးတချို့လည်း ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ရောင်းစားနေဟုဆို)
By Border News Agency / 2023 September 25

ရခိုင်ပြည် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခန့်အပ်ထားတဲ့ ကျေးရွာ အုပ်စုစာရေးတချို့ဟာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ဖြတ်ယူရောင်းစားနေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြောက်ဦးမြို့နယ် ချောင်းဖလာကျေးရွာ ၊ စက်သားကျေးရွာ ၊ ရွာသစ်ကျေးရွာ စတဲ့ ရွာ ၃ ရွာ အုပ်စုစာရေးဟာ ၎င်းတာဝန်ယူထားတဲ့ အဲဒီရွာ ၃ ရွာကိုပေးတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ဖြတ်ယူရောင်းစားနေတာကြာပြီလို့ဆိုပါတယ်။
ချောင်းဖလာ ကျေးရွာသားတစ်ဦးက “အဲ့ဒီအုပ်စုစာရေးက မြောက်ဦးမြို့ မြင်းခုန်တန်းရပ်ကွက်မှာနေတယ်။ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးပေးတဲ့အခါတိုင်း အစတုန်းက သူပြောတဲ့အရေအတွက်က တစ်ခု၊ တကယ်သွားယူတော့ သူထုတ်ပေးတဲ့အရေအတွက်တစ်ခု အတော်ကွာခြားနေတာ။”လို့ ပြောပါတယ်။
ဒါ့အပြင် စက်သားကျေးရွာမှာလည်း မိုးခါမုန်တိုင်းတိုက်ခတ်ပြီးချိန်မှ အခု သုံးလကျော်ကြာတဲ့အထိ ကူညီကယ်ဆယ်ရေး ဆန် ခြောက်ပြည်နဲ့ ငွေတစ်သောင်းခွဲသာ ရရှိသေးကြောင်း ဆိုကြပါတယ်။
” ဒီသုံးလအတွင်းမှာ အဖွားတို့လင်မယားက ဆန် ၆ ပြည်နဲ့ ငွေတစ်သောင်းခွဲလောက်ပဲ ကယ်ဆယ်ရေးရထားသေးတယ်။ ကျန်တဲ့ သွပ်တို့၊တာလာပေါ်တို့ ၊ နောက်ထပ်ဆန်တို့ ဘာတစ်ခုမှ မရသေးဘူး။” လို့ စက်သားကျေးရွာက အသက် ၈၀ အရွယ် အဖွားတစ်ဦးကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် မှိုဟင်းတောကျေးရွာမှာလည်း စစ်ကောင်စီက ထောက်ပံ့လာတဲ့ ကူညီကယ်ဆယ်ပစ္စည်းတွေ၊ တခြားလူမှုကူညီရေးအဖွဲ့တွေကထောက်ပံ့လာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီခန့်အပ် အုပ်ချုပ်ရေးမှူးလက်ဝေဖြင့်သာ ဝေမျှပေးနေပြီး အဲဒီလိုဝေမျှပေးတဲ့အခါလည်း ရောက်ရှိလာတဲ့ ကယ်ဆယ်ရေးပစ္စည်းပမာဏနဲ့ ရတဲ့ပမာဏမှာ အလွန်ကွာခြားနေတယ်လို့ ပြောကြပါတယ်။
အဲ့ဒီ အုပ်ချုပ်ရေးမှူးဟာလည်း မျှဝေပေးမှုတဲ့ ပစ္စည်းတွေက ပိုလျှံတဲ့ ကယ် ဆယ်ရေးပစ္စည်းတွေကို ၎င်းက ရောင်းစားနေပေမယ့် ပြောပိုင်ခွင့်မရှိကြောင်း ၊ သွားပြောရင်လည်း ရန်ပြုလာဖို့ကြောက်နေရတယ်လို့ ရွာခံတွေက ပြောပါတယ်။
” တခါကဆို ကူညီကယ်ဆယ်ရေးအတွက် ဆန်အိတ် ၃၀၀ ဝင်လာတယ်။ အိမ်ခြေက ၂၀၀ ကျော်လောက်ပဲရှိတာ။ အဲ့ဒါကို ၁ အိမ် ၈ ပြေလောက်သာပေးပြီး သူအပိုင်သိမ်းယူလိုက်တာ။”လို့ ရွာခံတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတချို့အပါအဝင် အုပ်စုစာရေးတွေကရောင်းစားတာတွေရှိနေပေမယ့် အရေးယူတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
https://www.facebook.com/bordernewsagency/posts/333391659209005