ရခိုင်ကျောင်းသားများကို ဖမ်းပြီးမှ စစ်ဆေးမည့် ဒေါ်ညိုအေးအမှုကို ထပ်မံရုံးချိန်း

By Western News / 2023 September     12

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးပြီးမှ စစ်ဆေးစီရင်မည်ဆိုသည့် ဒေါ်ညိုအေးအမှုကို စက်တင်ဘာလ ၁၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ်က ဒေါ်ညိုအေးအား စစ်တွေမြို့နယ်တွဲဖက်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားသူကြီးက စစ်ဆေးမှုတစ်စုံတစ်ရာ မပြုလုပ်ဘဲ ရုံးတင်ရုံအဆင့်သာ ပြုလုပ်ကာ ထပ်မံရုံးချိန်းလိုက်ခြင်းဖြစ်သည်။

ဒေါ်ညိုအေးမှာ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဖြစ်ပြီး ရခိုင်ပြည်အတွင်း စစ်ဘေးရှာင်အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အမျိုးသမီးများအခွင့်အရေးကို တက်ကြွစွာ ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။

စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံး၌ ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံလိုက်ရသည်။

စစ်တွေဆန်ပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံတော်ကို ဆူပူအောင် ပြုလုပ်သည်ဟုဆိုပြီး စစ်ကောင်စီက ၅၀၅ (ခ) ပုဒ်မဖြင့် တရားစွဲဆိုထားသည်။

သို့သော်လည်း ဒေါ်ညိုအေးသည် ဩဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်သော စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်သူအဖြစ်သာ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ဦးဆောင်သူများထဲတွင် ပါဝင်ခြင်းမရှိကြောင်း သမီးဖြစ်သူ မသန္တာက ပြောထားသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သည့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရသည့် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားများက အတည်ပြုထားသည်။

ထိုကြောင့် တရားရုံးမှ ဒေါ်ညိုအေးအမှုကို ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးရမိမှ စစ်ဆေးစီရင်မည်ဟု တရားရုံးက ပထမအကြိမ် တရားခွင်တွင် ပြောဆိုခဲ့သည်။

သမီးဖြစ်သူ မသန္တာက “ ဒါက မတရားဘူးလို့ ခံစားရတယ်။ ကျောင်းသားတွေကို မဖမ်းမိသရွေ့ အမေက အကျဉ်းထောင်ထဲမှာ နေရမှာလား။ အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေးသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်လည်း အာမခံနဲ့ ပြန်လွှတ်ပေးသင့်ပါတယ်။ အမေက သိပ်ကျန်းမာရေးကောင်းတာ မဟုတ်ဘူး။ အသက်ကလည်း ကြီးနေပြီ။ အကျဉ်းထောင်ထဲမှာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ကျန်းမာပိုထိခိုက်မှာကို အရမ်းစိုးရိမ်နေပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှလည်း စစ်ကောင်စီ၏ တရားရုံးများမှာ ယုံကြည်စရာ မကောင်းခြင်းနှင့် တရားမျှတမှု မရှိဟု ဆိုကာ အဖမ်းခံရန် အစီအစဉ်မရှိကြောင်း ပြောဆိုထားပြီး စစ်ကောင်စီ၏ တရားစီရင်စနစ်ကို ကျောင်းသားထုနှင့် ပြည်သူများမှ သပိတ်မှောက်ကြရန်လည်း ကျောင်းသားခေါင်းဆောင်များက တိုက်တွန်းနေသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် လူငယ်များ ခြိမ်းခြောက်ခံနေရသလို လူငယ်အချို့ကိုလည်း အကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီက ဖမ်းဆီးမှု တိုးမြှင့်လုပ်ဆောင်လာကြောင်း စုံစမ်းသိရသည်။

အထူးသဖြင့် ရခိုင်ပြည်တောင်ပိုင်းက သက်ကြီးတစ်ဦးအပါအဝင် လူငယ် ၁၀ ကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ခြိမ်းခြောက်အကျပ်ကိုင် ငွေကြေးတောင်းခံမှုများနှင့် ရက္ခိုင့်တပ်တော်အား ထောက်ခံအားပေး ဆက်စပ်သည်ဟုဆိုကာ လူငယ်အများအပြားကို စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေခြင်းဖြစ်သည်။

ပုံစာ – ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး အား တွေ့ရစဉ်။ (ဓါတ်ပုံ – Arakan Yoma)

Western News-WN

https://www.facebook.com/westernnewsagency/posts/743576087781820

Leave a Reply

Your email address will not be published.