ရခိုင်ကမြို့အချို့တွင် စစ်ကောင်စီတပ်သားများ ညဉ့်အချိန်ဝင်ရောက် သွားလာလှုပ်ရှားမှုများရှိနေ

By Narinjara / 2023 September     20

ရခိုင်ပြည်နယ်ရှိ မြို့အချို့ရှိ လူနေရပ်ကွက်များတွင် စစ်ကောင်စီ တပ်သားများသည် ညဉ့်အချိန် ဝင်ရောက်သွားလာ လှုပ်ရှားမှုများရှိနေသည်ဟု သိရသည်။

ယခုနောက်ပိုင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့ပေါ်တွင် ညဉ့်အချိန် စစ်ကောင်စီ တပ်သားများသည် လက်နက်အပြည့်အစုံဖြင့် သွားလာ လှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံများက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရသေ့တောင်မြို့တွင်ဆိုလျှင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ည ၈ နာရီမှစတင်ကာ စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်အချို့သည် မြို့တွင်းသွားလာ လှုပ်ရှားနေခဲ့ကြသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

“သူတို့က ည ၈ နာရီကျော်ရင် ထွက်ပါပြီ။ စစ်တပ်နဲ့ ရဲသုံးယောက် လေးယောက်လောက်ပါတယ်။ မြို့ပတ်လမ်း ကမ်းနားလမ်းတို့က ပတ်ပြီးသွားကြတယ်။ မိုခါမုန်တိုင်းကြောင့် ခံရတာမကြာသေးဘူး။ နောက် တိုက်ပွဲဖြစ်မယ်ဆိုပြီး ထိတ်လန့်မှုတွေရှိနေပါတယ်” ဟု ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့တွင်ဆိုလျှင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသားများက စစ်ကားများနှင့် ဆိုင်ကယ်များဖြင့် လှည့်လည် လှုပ်ရှားမှုရှိနေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကားနှစ်စီး၊ ဆိုင်ကယ် သုံးစီးလောက်နဲ့ ည ၈ ကျော်နာရီကျော်ဆို စပြီးထွက်ပါတယ်။ မြို့ကို လှည့်လည်ကြတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင်ဆိုလျှင်လည်း ယခုနောက်ပိုင်း စစ်ကောင်စီတပ်သားများသည် နေ့အချိန်များ၌ လမ်းသွားလမ်းလာများကို ရပ်တန့်ပြီး ကားနှင့် ဆိုင်ကယ်ဘောက်များကို စစ်ဆေးခြင်းတို့ကို ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

ယင်းအပြင် စစ်တွေတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဒေါ်စောမြရာဇာလင်း၏ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် ခံလိုက်ရပြီးနောက် မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်သားများသည် စစ်ကားများဖြင့် ညအချိန် ကင်းလှည့်ခြင်းများ၊ မသင်္ကာသူများကို မေးမြန်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

အလားတူ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ကျောက်ဖြူစသည့် မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်သားများသည် နေ့အချိန်တွင် ကျေးရွာများအတွင်းဝင်ရောက်ပြီး လမ်းသွားလမ်းလာ ဒေသခံများကို စစ်ဆေးခြင်း၊ ဆိုင်ကယ်ဘောက်များကို ဖွင့်ဖောက် စစ်ဆေးခြင်းနှင့် ရက္ခိုင့်တပ်တော်(AA)တပ်စခန်းများနှင့် တပ်ဖွဲ့ဝင်များကို မေးမြန်း စုံစမ်းခြင်းများကို လုပ်ဆောင် လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်များတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက AA တပ်စခန်းများတည်ရှိရာနေရာများကို စစ်ကောင်စီ တပ်က ဒရုန်းများဖြင့် ကင်းထောက်ခြင်းများလည်း ပြုလုပ်ခဲ့သေးသည်။

ရခိုင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ အကြား ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ နှစ်ဘက် နားလည်မှုဖြင့် အပစ်အခပ်ရပ်စဲထားသော်လည်း စစ်ကောင်စီတပ်၏  သွားလာလှုပ်ရှားမှုနှင့် ဖမ်းဆီးမှုများ တစ်နေ့ထက် တစ်နေ့ ပိုများပြားလာသည်ဟု သိရသည်၊

ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံများကို စစ်ဆေးတင်းကျပ်မှုနှင့် ကုန်စည် စီးဆင်းမှုများကို ကန့်သတ်ပိတ်ပင်မှုတို့သည် အပစ်ရပ် သဘောတူညီများကို ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

https://www.facebook.com/narinjara.info/posts/708173938016405

Leave a Reply

Your email address will not be published.