မွတ်ဆလင်ဒုက္ခသည်များအတွက် စတာလင်ပေါင် ၃ သန်းအကူအညီ ယူကေကြေညာ

By DMG / 2023 September        12

ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များအတွက် စတာလင်ပေါင် ၃ သန်းဖိုး အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ယူကေ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) ၏ အမြဲတမ်း လက်ထောက်အတွင်းဝန် ဆာဖိလစ်ဘာတွန်က ပြောကြားလိုက်သည်။

အဆိုပါအကူအညီများအား ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေကြသည့် ဒုက္ခသည်များနှင့် ဘာဆန်ချာကျွန်းတွင် နေထိုင်လျှက်ရှိသည့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။

ဆာဖိလစ်ဘာတွန်သည် အင်္ဂါနေ့တွင် ကျင်းပမည့် ယူကေ-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာဒိုင်ယာလော့ ဆွေးနွေးပွဲ တက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသည်။

“ယူကေနိုင်ငံက UNHCR ကို စတာလင်ပေါင် ၃ သန်းထည့်ဝင်လိုက်ကြောင်း ဝမ်းမြောက်စွာ ကြေညာလိုပါတယ်။ ဒီအကူအညီတွေဟာ ကော့ဘဇားနဲ့ ဘာဆန်ချာက ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ သန်းရှင်းတဲ့ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ ရေသုံးစနစ်၊ လောင်စာဆီတွေမှာ ကူညီသွားမှာပါ” ဟု သူကပြောသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်လာရသည့် ၂၀၁၇ ခုနှစ်မှ လက်ရှိအချိန်အထိ ဒုက္ခသည်များအပါအဝင် ဘင်္ဂလားဒေ့ရှ် အိမ်ရှင်အသိုင်းအဝိုင်းအတွက် ယူကေ၏ ကူညီထောက်ပံ့မှု  စုစုပေါင်းတန်ဖိုးသည် စတာလင်ပေါင် ၃၆၅ သန်းရှိနေပြီဖြစ်သည်။

ယူကေသည် ဒုက္ခသည်များအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိကာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ကိုယ့်သဘောဆန္ဒနှင့်အညီ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ရေရှည်အဖြေတစ်ရပ် ရှာဖွေနိုင်ရန် ဆက်လက်တွန်းအားပေးသွားမည် ဟုလည်း ဆာဖိလစ်ဘာတွန်က ပြောကြားကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – Dhaka Tribune

https://www.facebook.com/dmgnewsagency/posts/696397029200563

Leave a Reply

Your email address will not be published.