မြောက်ဦး UNESCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရေး အလှမ်းဝေးနေဆဲ

(UNESCO မှပညာရှင်များ မြောက်ဦးသို့ လာရောက်လေ့လာရန်လည်း အကြောင်းပြန်ကြားမှု မရှိသေး)

By Narinjara / 2023 September     2

ရခိုင်တို့၏ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုလက်ရာများတည်ရှိရာ မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်း(UNESCO)ဝင်နိုင်ရန်အတွက် UNESCO ဘက်မှ ပညာရှင်များ ယခုနှစ်အတွင်း လာရောက်လေ့လာရမည်ဖြစ်သော်လည်း ယင်းသို့လာရောက်ရန် အကြောင်းပြန်ကြားမှုမရှိသေးဟု မြောက်ဦးမြို့နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းနိုင်က ပြောသည်။

“အဆိုပြုလွှာတင်သွင်းတဲ့အခြေအနေလောက်ပဲရှိတယ်။ အဲ့ဒီက အကြောင်းလည်းမပြန်၊ အကြောင်းလဲမကြားဆိုတော့ ထူးခြားမှုမရှိသေးပါဘူး”ဟု ပြောသည်။

မြောက်ဦးကို UNESCO စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူချောအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ UNESCO ရုံးချုပ်သို့ တင်သွင်းခဲ့ပြီးဖြစ်သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်တွင် UNESCO မှပညာရှင်များက လာရောက်ကွင်းဆင်းလေ့လာရမည် ဖြစ်သော်လည်း UNESCO စာရင်းဝင်နိုင်ရေးဆောင်ရွက်ချက်များမှာ ၂ဝ၂၂ ခုနှစ်မှစတင်ကာ ယာယီရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ရခိုင်၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့၍ ရပ်တန့်နေခဲ့ခြင်းဟု စစ်ကောင်စီက အကြောင်းပြခဲ့သော်လည်း လက်ရှိတွင် အပစ်ရပ်ထားသည်မှာ ၁ဝ လ ထဲသို့ပင်ရောက်ရှိနေပြီဖြစ်သည်။

သို့သော် မြောက်ဦးအား UNESCO စာရင်းဝင်နိုင်ရေး ပြန်လည် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။

မြောက်ဦးမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထွန်းလှိုင်က မြန်မာပြည်၏လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြောက်ဦးဒေသ UNESCO စာရင်းဝင်နိုင်ရေးမှာ လောလောဆယ် အကောင်အထည်ပေါ်လာနိုင်မည် မဟုတ်သေးဟု ပြောသည်။

“အခုလက်ရှိအခြေအနေမှာတိုင်းပြည်က မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ဒီအခြေနေတွေက လောလောဆယ်အကောင်အထည်ဖော်နိုင်ဖို့ အလားအလာမမြင်မိဘူး။ လက်ရှိ ရခိုင်မှာ စစ်မဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် နိုင်ငံတစ်ခုလုံးမှာက အကုန်လုံးပွက်လော ရိုက်နေတာ” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

မြောက်ဦးဒေသအား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန် စစ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ဇွန်လ ၁၆ ရက်တွင် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံခဲ့စဉ် တိုက်တွန်းခဲ့သည်။

ယင်းအပြင် မြောက်ဦးဒေသကို UNESCO စာရင်းဝင်နိုင်ရေး ပြင်ဆင် ဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီပြန်ကြားရေးဌာနတွင် ဖော်ပြခဲ့သော်လည်း လက်ရှိမြေပြင်၌ ထူးခြားပြောင်းလဲမှုမရှိဖြစ်နေသည်ဟု မြောက်ဦးဒေသခံများက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးက လက်ရှိ စစ်ကောင်စီကို ယူအန်အပါအဝင် နိုင်ငံတကာမှ အသိအမှတ်ပြု လက်ခံမှုမရှိ၍ လက်ရှိစစ်ကောင်စီအောက်တွင် ယူနက်စ်ကိုက မြောက်ဦး ယဉ်ကျေးမှုဒေသနှင့် ပတ်သက်ပြီး ဆက်သွယ် ဆောင်ရွက်ခြင်း မပြုလုပ်ခြင်းဟု ပြောဆိုသည်။

မြောက်ဦးဒေသရှိ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ကမ္ဘာကပါ ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန် ၂၀၁၇ ခုနှစ်မှစတင်ကာ UNESCO စာရင်းဝင်နိုင်ရေး ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

လက်ရှိတွင် မြောက်ဦးဒေသရှိ သမိုင်းဝင်ယဉ်ကျေးမှုအနုလက်ရာများ၊ ရှေးဟောင်းစေတီပုထိုး ဆင်းတုတော်အများအပြားတို့မှာ ထိန်းသိမ်း စောင့်ရှောက်သူ ကင်းမဲ့လျက်ရှိပြီး မြင်မကောင်းအောင် ပျက်စီးနေကြကြောင်း သိရသည်။

ယင်းအပြင် လူသူအရောက်အပေါက်နည်းသည့် ရှေးဟောင်းဘုရား ပုထိုးစေတီများတွင်လည်း မူးယစ်ဆေးဝါးများသုံးစွဲမှုများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပြီး ရဲတပ်ဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့က ဖမ်းဆီးအရေးယူနိုင်ခြင်းလည်း မရှိကြောင်း မြို့ခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/697653822401750

Leave a Reply

Your email address will not be published.