မြောက်ဦးတွင် အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး ရေနစ်ပျောက်ဆုံးနေ

By Western News / 2023 September     6

ရခိုင်ပြည် မြောက်ဦးမြို့နယ် ဆင်အိုးကျေးရွာတွင် ယမန့်နေ့ စက်တင်ဘာ ၅ ရက်က အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး လေးမြို့မြစ်တွင်း ရေနစ်ပျောက်ဆုံးနေပြီး တစ်ရက်ကြာသည်အထိ  ရှာမတွေ့သေးဟု မိသားစုဝင်များကပြောသည်။

ကလေးငယ်ရေနစ်မြုပ်မှုဖြစ်စဉ်မှာ ယမန်နေ့ နေ့လည်ပိုင်း ၁၂ နာရီ ဝန်းကျင်တွင် အဘွားဖြစ်သူနှင့် သွားလာ နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆွေမျိုးတော် စပ်သူတစ်ဦးက ပြောသည်။

“အဲ့နေ့က အမေဖြစ်သူကစျေးသွားနေတော့ မရှိဘူး။ ကလေးက အဖေနဲ့ အဘွားနဲ့ နေခဲ့တာ။ အဲ့မှာအဘွားဖြစ်သူနဲ့ မြစ်နံဘေးကအိမ်နားသွားလာနေတာ အဲ့မှာအဘွားဖြစ်သူက တစ်ဖက်လှည့် စကားပြေနေတုန်း နောက်ထပ်ကလေးတစ်ယောက်နဲ့ အတူရေထဲဆင်းသွားတာကို မသိလိုက်ဘူး ဖြစ်သွားတာ။ ပြန်တက်လာတော့ ကလေးကတစ်ယောက်တည်းပဲ ပြန်တက်လာတော့တယ်” ဟုပြောသည်။

ရေနစ်ပျောက်ဆုံးနေသူ ကလေးငယ်မှာ အသက် ၂ နှစ်နှင့် ၁ လသားအရွယ် ‌မောင်ချစ်ကိုဖြိုးဖြစ်ပြီး လက်ရှိတွင် ကျေးရွာသားများနှင့် ဆွေးမျိုးသားချင်းများက မြစ်တစ်လျှောက်ရှာဖွေလျှက်ရှိပြီး တွေ့ရှိပါက အကြောင်း ကြားပေးကြရန် မိသားစုဝင်များက ပြောသည်။

လေးမြို့မြစ်တွင် ပြီးခဲ့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မြောက်ဦးမြို့မှ အပျော်ခရီးသွားသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရေနစ်မြုပ်မှုရှိခဲ့ပြီး သူ၏အလောင်းကိုလည်း တစ်ရက်ခန့်အကြာ တွင်သာ ရှာဖွေတွေ့ရှိခဲ့သည်။

ယင်းအပြင် ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းကလည်း စက်လှေနစ်မြုပ်ပြီးသေဆုံးသည့် မွတ်ဆလင် ၄၅ ဦးနှင့် မြောက်ဦးမြို့ တောင််ဖြူဆည်တွင် ရေနစ်မြုပ်သေဆုံးသည့် တက္ကသိုလ်ကျောင်းသား တစ်ဦးတို့ရှိခဲ့ပြီး နှစ်လအတွင်းရေနစ်မြုပ်သေဆုံးသူ စုစုပေါင်း ၇၀ ခန့်ရှိခဲ့ကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/740116274794468

Leave a Reply

Your email address will not be published.