မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည်

By Narinjara / 2023 September     5

ဓာတ်ပုံ – ဂျပန်နိုင်ငံတွင် ယခင်နှစ်ကျင်းပခဲ့သည့် ပုံဟောင်း

ယခုနှစ်ကျရောက်မည့် (၈၄) နှစ်မြောက် အာရှနေဝန်း၊ မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်၊ ရခိုင့်အာဇာနည်ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Arakan National Democratic Party-Japan) က ဦးဆောင်ပြီး တိုကျိုမြို့ရှိ Takadanobaba, Recycling, Activity, Center 2F ၌ စက်တင်ဘာလ ၁ဝ ရက်၊ ဒေသစံတော်ချိန် ညနေ ၅ နာရီမှ ၉ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ANDP က ထုတ်ပြန်အသိပေးထားသည်။

စက်တင်ဘာလ ၉ ရက်သည် ဆရာတော်ဦးဥတ္တမနေ့ဖြစ်သော်လည်း ဂျပန်တွင် အားလပ်ရက်ဖြစ်သော စက်တင်ဘာလ ၁ဝ ရက်တွင်သာ အခမ်းအနားပြုလုပ်နိုင်ခြင်းဖြစ်သည်ဟု ANDP ဒုဥက္ကဋ္ဌ ကိုစိုး(ခ) ကိုစိုးမြင့်က နိရဥ္စရာကို ပြောသည်။

“အခုလို ကျင်းပခြင်းက သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်းဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသရာလည်း ရောက်ပါတယ်။ ရခိုင့်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ် နိုးထလာပြီး ရခိုင်နိုင်ငံရေး၊ တော်လှန်ရေးမှာ တတ်အား သလောက် ပါဝင်လာနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်”ဟု နိရဥ္စရာကိုပြောသည်။

ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို တိုင်းရင်းသားခေါင်းဆောင်များ၊ ဂျပန်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း (၉) ဖွဲ့မှ လူပေါင်း ၂၀၀ ကျော်ကို ဖိတ်ကြားထားကြောင်း သိရသည်။

အခမ်းအနားကို အာရက္ခနိုင်ငံတော်သီခြင်းဖြင့် ဖွင့်လှစ်ပြီး ကျဆုံးသွားခဲ့ကြသည့် အာဇာနည်သူရဲကောင်းများကို ဆုတောင်းဂါရဝပြုခြင်း၊ ဆရာတော်ဦးဥတ္တမအား လွမ်းသူ့ပန်းခွေဖြင့် ဂုဏ်ပြု ဂါရဝ ပြုခြင်းနှင့် တက်ရောက်လာသော ခေါင်းဆောင်အသီးသီးက ဂုဏ်ပြုစကားများ ဟောပြောကြခြင်းစသည့် အစီအစဉ်များဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် စစ်တွေမြို့၊ ရူပရပ်၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ငယ်နာမည် ပေါ်ထွန်းအောင်ဖြစ်ပြီး (၁၆) နှစ်သားအရွယ်တွင် ရှင်သာမဏေ ဝတ်ကာ ရှင်ဥတ္တမဟု ဘွဲ့အမည်တွင်ခဲ့သည်။

ဆရာတော်သည် အင်္ဂလိပ်ကိုလိုနီလက်ထက်က မြန်မာပြည်လွတ်လပ်ရေးအသိရှိလာအောင် လွတ်လပ်ရေးမျိုးစေ့ကိုချပေးခဲ့သူဖြစ်သည်။

အမျိုးသားနိုင်ငံရေး စည်းရုံး ဟောပြောမှုများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဝရမ်းအကြိမ်ကြိမ်အထုတ်ခံခဲ့ရပြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဝံသာနုရက္ခိတတရား ဟောပြောနေစဉ် အဖမ်းခံခဲ့ရသည်။

ဆရာတော်သည် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသည့် ရဟန်းတော်ဖြစ်သည်။

အကြိမ်အကြိမ် ဖမ်းဆီးခံခဲ့ရသော်လည်း မြန်မာပြည်လွတ်လပ်ရေးအတွက် ဝံသာနု ရက္ခိတတရားများကို လှည့်လည် ဟောပြောခဲ့သည့် အာဇာနည် ပုဂ္ဂိုလ်ဖြစ်သည်။

ဆရာတော်သည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၃ဝ ခန့်သို့ လှည့်လည်ရောက်ရှိခဲ့သူဖြစ်ပြီး အင်္ဂလိပ်၊ အီတလီ၊ ပြင်သစ်၊ ပါဠိ၊ သက္ကဋ၊ တိဗက်၊ ဟိန္ဒူ၊ ဂျပန်၊ နာဂရီနှင့် ဘင်္ဂလီစသော ဘာသာစကား (၁ဝ) မျိုးခန့်ကို ကျွမ်း ကျင်စွာပြောဆိုတတ်သည့်ပုဂ္ဂိုလ်ဖြစ်သည်။

၁၉၂ဝ ပြည့်နှစ်တွင် ကာလကတ္တားမြို့ရှိ၊ အမျိုးသားတက္ကသိုလ်တွင် အဘိဓမ္မာပါမောက္ခ၊ ၁၉၃၅ ခုနှစ် တွင် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာဆဗ္ဗအသင်းဥက္ကဋ္ဌ၊ ၁၉ဝရ-၁၉ဝ၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျို ဗုဒ္ဓတက္ကသိုလ်၏ အဘိဓမ္မာပါမောက္ခ စသော အထင်ကရတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ဆရာတော် ဦးဥတ္တမသည် လုံးချင်းစာအုပ် ၁၄ အုပ်ကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်သည်။

ဆရာတော် သည် လောကီ၊ လောကုတ္တရာနှစ်ဖြာကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်ရင်း ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် ရခိုင်တစ်မျိုးသားလုံးက အသိအမှတ်ပြုကာ အောက်မေ့ဖွယ်အခမ်းအနားများလည်း နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။ (NN-11)

https://www.facebook.com/narinjara.info/posts/699279645572501

Leave a Reply

Your email address will not be published.