(ရခိုင်အလှမယ် စောမြတ်အိခိုင် အဆင့် ၈ နေရာတွင် ရပ်တည်နေ)
By Western News / 2023 September 12

ရခိုင်အလှမယ် စစ်တွေမယ်စကြာဝဠာ Miss Universe Sittwe 2023 ကို ရရှိထားသော စောမြတ်အိခိုင် (Saw Myat Ei Khine) မှာ ၂၀၂၃ မြန်မာမယ်စကြာဝဠာ (MUM 2023) တွင် ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
ရခိုင်အလှမယ် စောမြတ်အိခိုင်သည် ၂၀၂၃ စစ်တွေမယ်စကြာဝဠာတွင် သရဖူကို ရရှိထားသူဖြစ်ပြီး ရခိုင်တွင် သရဖူဆောင်းသူ လေးဦးမြောက်ဖြစ်သည်။
၂၀၁၅ တွင် အလှမယ် ချိုချိုထွန်း၊ ၂၀၁၆ ခုနှစ်တွင် အလှမယ် ခိုင်သန္တာလင်း၊ ၂၀၁၇ ခုနှစ်တွင် အလှမယ် ကေခိုင်နှင့် ၂၀၂၃ ခုနှစ်တွင် အလှမယ် စောမြတ်အိခိုင်တို့ဖြစ်ပြီး ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အတွင်း ဒေသအခြေအနေများကြောင့် စစ်တွေအလှမယ် ရွေးချယ်ပွဲများ ကျင်းပခဲ့ခြင်းမရှိပေ။
၂၀၂၃ ခုနှစ် မြန်မာမယ်စကြာဝဠာ တွင် အလှမယ် စောမြတ်အိခိုင်သည် စစ်တွေသရဖူဆောင်း အလှမယ်အနေဖြင့် ရခိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
အလှမယ်စောမြတ်အိခိုင်သည် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်ခံရမှု၊ တိုက်ခိုက်ခံရမှုနှင့် စိန်ခေါ်မှုများအား ဖြတ်သန်းကျော်လွှားပြီး သူဝါသနာပါရာ အလှမယ်တစ်ယောက်ဖြစ်ရေးကို ယုံယုံကြည်ကြည်ဖြင့် လျှောက်လှမ်းနေသူတစ်ဦးဖြစ်ကြောင်း စောမြတ်အိခိုင်၏ အသိုင်းအဝိုင်းထံက သိရသည်။
ဆရာဖြစ်သူ အလှမောင် ကိုစံသာက “ စောမြတ်က စွမ်းရည်ရှိပါတယ်။ သူ့ရဲ့စိတ်ကလည်း သူတပါးကို ကူညီလိုတဲ့ စိတ်ရှိပါတယ်။ လူကြီးသူမတွေကိုလည်း ကိုင်းရှိုင်းတတ်သူဖြစ်ပါတယ်။ အလုပ်အပေါ်မှာလည်း ပေါ့ပေါ့တန်တန်မတွေးဘဲ အရမ်းကြိုးစားတတ်သူတစ်ယောက်ပါ။ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ဆိုတဲ့ စိတ်နဲ့ ပြိုင်တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ ယုံကြည်ပါတယ်။ ” ဟု ပြောသည်။
အလှမယ် စောမြတ်အိခိုင် သည် အသက် ၂၃ နှစ်အရွယ်ရှိပြီး အရပ်အမြင့်မှာ ၁၆၈ စင်တီမီတာဖြစ်ကာ ရုက္ခဗေဒ (မဟာတန်း) ပထမနှစ်ကျောင်းသူဖြစ်ပြီး အောင်မြင်သောအမျိုးသမီးလုပ်ငန်းရှင်တစ်ဦးဖြစ်ချင်သည့် ရည်မှန်းချက်ရှိသူလည်းဖြစ်သည်။
အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ချင်သကဲ့သို့ လူငယ်များအား၏ အသိပညာတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အများအကျိုးဆောင်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းလည်းဖြစ်သည်။
အလှမယ်တစ်ဦးဖြစ်လာရေးအတွက် ကြိုးပမ်းခဲ့ပုံများနှင့် လက်ရှိ လှုပ်ရှားမှုများအပေါ်မှာ သဘောထားမှတ်ချက်များကို သိရှိနိုင်ရန် အလှမယ် စောမြတ်အိခိုင်အား Western News မှ ဆက်သွယ်ခဲ့သော်လည်း မြန်မာမယ်စကြာဝဠာပြိုင်ပွဲကြီးအတွက် အလုပ်များနေခြင်းနှင့် ဖုန်းအသုံးပြုခွင့် မရရှိသည့်အတွက် အဆက်အသွယ်မရရှိခဲ့ပေ။
မြန်မာမယ်စကြာဝဠာ (Miss Universe Myanmar) ၂၀၂၃ ခုနှစ် ပြိုင်ပွဲကြီးကို BIGO live App မှ အွန်လိုင်း Voting စနစ်ဖြင့် စတင်ကျင်းပနေပြီး စက်တင်ဘာလ ၁၄ ရက်နေ့ ညန ၅ နာရီမှာ အွန်လိုင်း Voting ပေးခြင်း ပြီးဆုံးမည်ဖြစ်သည်။
အွန်လိုင်း Voting မဲပေးစနစ်တွင် မြန်မာနိုင်ငံအတွင်းက အလှမယ် ၃၂ ဦးဝင်ရောက်ယှဉ်ပြိုင်နေပြီး Miss Universe Myanmar ၏ ယနေ့ နံနက် ၁၁ နာရီခန့်က ထုတ်ပြန်ချက်အရ ရခိုင်အလှမယ် စောမြတ်အိခိုင်သည် အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။
အလှမယ် ၃၂ ဦးထဲက အွန်လိုင်း Voting စနစ်ဖြင့် မဲအများဆုံးရရှိသူ အလှမယ် ၆ ဦးမှာ Top 6 Finalist ထဲသို့ အလိုအလျောက် ဝင်ရောက်ခွင့် ရရှိသွားမည်ဖြစ်သည်။
Top 6 ထဲသို့ ဝင်မည့် အလှမယ်များထဲတွင် မဲအများဆုံးရရှိသူတစ်ဦးသည်သာ ရာနှုန်းပြည့် Top 6 ထဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး ကျန် ၅ ဦးမှာ Voting မဲနှင့် ဒိုင်များ၏ အမှတ်ဖြင့် Top 6 Finalist ထဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
မြန်မာမယ်စကြာဝဠာ (Miss Universe Myanmar) အနေဖြင့် Top 6 ဝင် အလှမယ်များအပါအဝင် နောက်ထပ် အလှမယ်များဖြင့် Top 10 ထိ ရွေးချယ်နိုင်သလို ယင်းအထဲကမှ ၂၀၂၃ မြန်မာမယ်စကြာဝဠာ (Miss Universe Myanmar) သရဖူ Crown ဆုရှင်နှင့် အခြားဆုရှင် အလှမယ်များကို ရွေးချယ်သွားမည်ဟု သိရသည်။
Miss Universe Myanmar 2023 Crown ကို ရရှိရေးအတွက် ရခိုင်အလှမယ် စောမြတ်အိခိုင်ကို BIGO live App မှ Voting မဲပေးကြရန် ဆရာဖြစ်သူ ကိုစံသာက တိုက်တွန်းနေသည်။
“ ဒီ Crown ကို ရရှိဖို့အတွက် စောမြတ်က အရမ်းကို ကြိုးစားနေပါတယ်။ စစ်တွေမှာရှိခဲ့တဲ့ Miss တစ်ယောက်နဲ့ အခု အခြေအနေက အရမ်းကို ကွာခြားသွားပါတယ်။ အလှမယ်အပေါ်မှာ စိတ်နစ်ပြီးတော့ ကြိုးစားနေတာပါ။ သူ့ကို စောမြတ်ရဲ့ Fan ဒါမှမဟုတ် သူ့ကို ထောက်ခံအားပေးတဲ့ ပရိတ်သတ်တွေရဲ့ မဲနဲ့ ဆုကို ရစေချင်တာပါ။ စောမြတ်ကို မဲပေးကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ မဲဘယ်လို ပေးရမလဲဆိုတာကို ကျနော်ရဲ့ AKYAB STARS ဖေ့စ်ဘုတ်စာမျက်နှာမှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။ စောမြတ်ကို ရခိုင်ပြည်ထဲက အလှမယ်တွေရဲ့ သမိုင်းမှာ တင်ကျန်စေခဲ့ချင်တာပါ။ Miss Universe Myanmar 2023 Crown ကို ရခိုင်ပြည်သို့ ယူလာခဲ့စေချင်ပါတယ်။ ” ဟု ပြောသည်။
မြန်မာမယ်စကြာဝဠာ (Miss Universe Myanmar) သရဖူ Crown ကို ရခိုင်က အလှမယ်များ ရရှိဖူးခြင်း မရှိသေးကြောင်းနှင့် ၂၀၁၅ ခုနှစ်က ရခိုင်အလှမယ် ချိုချိုထွန်းက 2nd runner up သာ ရရှိခဲ့ဖူးသည်။
ထိုကြောင့် ရခိုင့်ဂုဏ်ကို ဆောင်ရန်နှင့် နောင်လာမည့် မျိုးဆက်သစ်အလှမယ်များအပါအဝင် အလှမယ်များသမိုင်းတွင် အသိအမှတ်ပြု တင်ကျန်စေရေး မြန်မာမယ်စကြာဝဠာ သရဖူကို ရရှိရေးအတွက် အလှမယ် စောမြတ်အိခိုင်ကို မဲပေးကြရန် ကိုစံသာက တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်သည်။
အလှမယ် စောမြတ်အိခိုင်၏ အာမခံပရိတ်သတ် ကိုဇော်မျိုးဆက်က “ ကျနော် အလှမယ်ပြိုင်ပွဲတွေ အများကြီးကြည့်ဖြစ်ပါတယ်။ ပြည်တွင်းရော၊ ပြည်ပရော။ အစောဟာဆိုရင် အလှမယ်တစ်ဦးမှာ ရှိရမယ့် အရည်အချင်းတွေအားလုံးသူ့မှာ ရှိပါတယ်။ ပြီးတော့ သူ့ရဲ့ ပရဟိတရှင်သန်တဲ့စိတ်၊ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုတွေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အဓိက ဆောင်ရွက်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အစောကို Miss Universe Myanmar ကို ရစေချင်ပါတယ်။ ရရှိဖို့လည်း ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်။ ” ဟု ပြောသည်။
Miss Universe Myanmar မှ ၂၀၂၃ ခုနှစ် ပြိုင်ပွဲကြီး မစတင်မီ ပြိုင်ပွဲဝင် အလှမယ်များအတွက် ???????????????????????????????????? ၁၀ ခုကို ခေါ်ယူထားပြီး အလှမယ် စောမြတ်အိခိုင်သည် ???????????????????????????????????? 02 တွင် This Is Me, Who I am ခေါင်းစဉ်ဖြင့် Winner ရရှိထားသူလည်းဖြစ်သည်။
BIGO App မှ Voting မဲပေးခြင်းမှာ ငွေကြေးဖြင့် ဝယ်ယူရခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ သဘောသဘာဝနှင့် Miss Universe Myanmar ၏ စည်းကမ်းသတ်မှတ်ချက်ဖြစ်ကြောင်း သိရသည်။
ရခိုင်အလှမယ် စောမြတ်အိခိုင်ကို မဲပေးမည်ဆိုပါက Miss Universe Myanmar ဖေ့စ်ဘုတ်စာမျက်နှာနှင့် AKYAB STARS ဖေ့စ်ဘုတ်စာမျက်နှာတို့တွင် အသေးစိတ်ဖော်ပြထားပြီး BIGO အသုံးပြု၍ မဲပေးရန် အခက်အခဲရှိသူများအနေဖြင့် AKYAB STARS မှ ကိုယ်စားမဲဝယ်ပေးကြောင်းလည်း သိရသည်။
အလှမယ်များအား မဲပေးနည်းပုံစံ အကျဉ်းချုပ်မှာ ပထမဆုံး BIGO app ကို ဒေါင်းလော့ပြုလုပ်ပြီး BIGO အကောင့်ဖွင့်ကာ ပထမဆုံး မြင်ရသော Miss Universe Myanmar 2023 ကြော်ငြာပုံအား နှိပ်ပြီး ယင်းမှတစ်ဆင့် စိန် ရောင်းသော အေးဂျင့်များထံမှ Kpay သို့မဟုတ် Wave တစ်ခုခုဖြင့် ငွေလွှဲ၍ စိန် ကို ဝယ်ယူကာ မိမိမဲပေးလိုသော အလှမယ်များအား စိန် ပေးခြင်းဖြင့် အလှမယ်များမှာ မဲအရေအတွက် ရရှိမည်ဖြစ်သည်။
Miss Universe Myanmar 2023 ပြိုင်ပွဲကြီး၏ သရဖူ Crown မှာ စိန်နန်းတော်က စပွန်ဆာ ပေးထားခြင်းဖြစ်ပြီး ကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိကြောင်း အကြမ်းအားဖြင့် သိရသည်။
ဓါတ်ပုံများ – AKYAB STARS နှင့် Miss Universe Myanmar ပေ့ချ်မှ ကူးယူဖော်ပြသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/743523294453766