မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူ ၂  သန်းနီးပါး အထိရှိလာကြောင်း UN ထုတ်ပြန်

ရခိုင်တွင် အကူအညီပေးရေး ကန့်သတ်ချက်မှုများနှင့် အချိန် ကြန့်ကြာမှုများရှိနေ

By Western News / 2023 September     20

ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့အထိ နောက်ဆုံးစာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း တွင်ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေမှာ ၁ ဒသမ ၉ သန်းကျော်အထိရှိလာပြီ ဖြစ်သည်ဟု စက်တင်ဘာ ၂၀ ရက်နေ့တွင် UNOCHA ကထုတ်ပြန်သည်။

နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှ့တောင်ပိုင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခများသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှုများလည်း ဆက်တိုက်ရှိနေကာ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးများမှာလည်း တစ်ချို့နေရာများတွင် ကန့်သတ်ခံရမှုတိုးလာသည်များရှိသည်ဟု ဖော်ပြသည်။

လက်ရှိတွင်လည်း ရှိရင်းစွဲနေရပ်စွန့်ခွာမှုဒုက္ခအပြင် ရာသီဥတုဆိုးရွားမှုတို့ကိုပါ ပူးတွဲခံစားနေရသူများ နိုင်ငံအနှံ့တွင် ရှိနေသေးကြောင်းနှင့် လူးသားချင်းစာနာမှုဆိုင်ရာ အကူညီများပေးရေးတွင် အဓိကအနေဖြင့် ကချင်ပြည်နယ်နှင့် နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် အကူညီပေးရေးများ ကန့်သတ်ခံရမှု ပိုတိုးလာသည်ဟုလည်း ယနေ့ စက်တင်ဘာ ၂၀ ရက်ထုန်ပြန်ချက်တွင် ရေးသားသည်။

ယင်းအပြင် ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုရုံး UNOCHA က ယခု ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၅ သန်းအား လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးဆောင်ရွက်ထားပြီး လက်ရှိအချိန်ထိ လူဦးရေ ၁ ဒသမ ၈ သန်း‌ကျော်ကို အကူညီများပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်မှ မိုခါမုန်တိုင်းသင့်ပြည်သူများအား အကူညီပေးရန်ကိုလည်း ကန့်သတ်မှုတို့ပြုလုပ်ခဲ့ပြီး ယင်းနောက် စက်တင်ဘာလ ၈ ရက်နေ့တွင် မိုခါမုန်တိုင်းသင့်ပြည်သူ များအား အကူညီများရေးကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UNOCHA ဖက်ကထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရခိုင်နှင့် ချင်းပြည်နယ်ပလက်ဝဒေသတို့တွင်လည်း နေရပ်စွန့်ခွာသူများကို အကူညီပေးရေးအတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက်ယူနေရဆဲဖြစ်ပြီး ထိုအခြေနေများကြားတွင် အကူညီပေးရေးများ နှောင့်နှေးမှုတို့ မကြာခဏရှိတတ်သည်ဟု NGO အသိုင်းဝန်းမှ ဝန်ထမ်းတစ်ဦးကပြောသည်။

“အကူညီသွားပေးမယ်ဆိုရင် ခွင့်ပြုတောင်းခံရပါတယ်။ စောင့်ရတယ်။ တစ်ခါတစ်ခါဆို ပုံမှန်ထက်ပိုကြာ တတ်တာတွေရှိတယ်။ အဲ့ဒါတွေကြောင့် လိုအပ်တဲ့အကူညီတွေ အချိန်မီမပေးနိုင်တာတွေ ရှိပါတယ်” ဟုပြောသည်။

ရခိုင်တွင်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ နေရပ်ပြန်ရေးအစီစဉ်ဖြင့် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ချင်းပြည်နယ်ပလက်ဝ စသည်တို့မှ နေရပ်ပြန်သည့် စစ်ဘေးရှောင်အချို့ရှိခဲ့သည်။

ယင်းအပြင် မိုင်းအန္တရာယ်နှင့် ကျေးရွာအနီး တပ်စွဲနေထိုင်မှုတို့ရှိနေခြင်း စသည့်အခြေနေတို့ကြောင့် မိမိဒေသတွင်း လုပ်ကိုင်စားသောက်ရန် အဆင်မပြေသည့်အတွက် လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရဆဲ ဦးရေမှာ ၆ သောင်းခန့်အထိရှိသေးကြောင်း အရပ်ဖက်အဖွဲ့စည်းများ၏ စာရင်းအချက်လက်များအရ သိရသည်။

ကျန်ရှိနေသည့် စစ်ဘေးရှောင်များအထောက်ပံ့ရရှိနေမှုအခြေနေနှင့်ပတ်သက်၍  မြောက်ဦး တိမ်ညို စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ယခုကဲ့သို့ပြောသည်။

“ထောက်ပံ့တဲ့အဖွဲ့တွေက တစ်ခါတစ်ခါ ၂ လ၊ ၃ လအထိကြာသွားတာတွေရှိပါတယ်။ ထောက်ပံ့မှုတွေ မရောက်ရင် ကျနော်တို့ဘာသာ တော်တော်ရုန်းရတဲ့လတွေရှိတယ်။ ဆန်တစ်ဗူး၊ ဆီတစ်မုတ်ပဲဖြစ်ဖြစ် ကျနော်တို့အတွက်တော့ မဖူလုံနိုင်ပေမယ့် အထောက်အကူဖြစ်စေတယ် ” ဟုဆိုသည်။

https://www.facebook.com/westernnewsagency/posts/748522817287147

Leave a Reply

Your email address will not be published.