By DMG / 2023 September 9
ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအားကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းအချို့ကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာညှိနှိုင်းရေရုံး UNOCHA ၏ လစဉ်ထုတ်သတင်းလွှာတွင် ဖော်ပြသည်။
ကယ်ဆယ်ရေးပစ္စည်းအချို့ကို မည်သည့်မြို့နယ်များသို့ မည်သည့်ပုံစံဖြင့် ဖြန့်ဝေထားသည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။ သို့သော်လည်း မုန်တိုင်းသင့်ဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာ မြင့်မားနေဆဲဖြစ်၍ အကူအညီများ ပိုမိုပေးရန်လိုအပ်နေကြောင်း စက်တင်ဘာလ ၈ ရက်နေ့ သတင်းလွှာက ဆိုထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းအား ဆက်သွယ်ခဲ့ရာ “ဒီကိစ္စတွေကတော့ ပြောရခက်ပါတယ်။ သူတို့ကို အရင်တုန်းက နယ်/လုံက ပေးထားတဲ့ဟာကို ညှိနှိုင်းပြီးတော့ ပေးတဲ့သဘောပေါ့။ ပရောဂျက်ဧရိယာတို့မှာ တစ်ခေါက်သွားရင် တစ်လစီခွင့်ပြုတာပေါ့။ အဲဒါနဲ့မလုံလောက်ဘူး ထပ်ပြီးတင်ပြတောင်းဆိုတဲ့ဟာတွေကို ခွင့်ပြုတာဖြစ်မယ်ထင်တယ်” ဟု DMG ကို ရှင်းပြသည်။
မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသအတွင်း NGO၊ INGO နှင့် အရပ်ဘက်အဖွဲ့များ ခရီးသွားလာခြင်းကို ဇွန်လ ၇ ရက်မှစ၍ ရပ်ဆိုင်းထားကြရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်တွင်း မုန်တိုင်းသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေး အခြေအနေများအားလေ့လာရန် ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths သည် စစ်တွေမြို့သို့ရောက်ရှိခဲ့သေးသည်။
‘မိုခါ’ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်အပါအဝင် ပြည်နယ်နှင့်တိုင်း (၄)ခုတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂၄ ဘီလီယံရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရခိုင်ဒေသတွင်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
https://www.facebook.com/dmgnewsagency/posts/694764976030435