By Narinjara / 2023 September 23
မုန်တိုင်းတိုက်ပြီး ၄ လကျော်ကြာသော်လည်း ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်မှ ယိုးတရုပ်ကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာ လျှပ်စစ်မီး ပြန်မရရှိသေးဟုသိရသည်။
မြတ်လှဲမြစ်ရေတင်စီမံကိန်းသည် မိုခါကြောင့်ပျက်စီးသွားပြီးနောက် ပြန်လည်ပြုပြင်မှုကြန့်ကြာနေ၍ အဆိုပါ ၈ ရွာတွင် ယခုထိ လျှပ်စစ်မီး မရသေးခြင်းဖြစ်သည်ဟု ယိုးတရုပ်ကျေးရွာမှ မီးလင်းရေး ကော်မတီဥက္ကဋ္ဌက နိရဥ္စရာ သတင်းဌာနကိုပြောသည်။
“ယိုးတရုပ်နဲ့တခြားရွာကိုပေးထားတဲ့ဓာတ်အားလိုင်းက ကျောက်တော်မြို့က ဓာတ်အားခွဲရုံက ပေးထားတာ။ မြတ်လှဲမြစ်ရေတင်စီမံကိန်းနဲ့ တွဲပေးထားတာ။ အဲဒီဓာတ်အားလိုင်း မုန်တိုင်းကြောင့်ပျက်စီးသွားလို့ ပြုပြင်နေတာ ကြာပြီ။ ခုထိမပြီးသေးတော့ မီးမရသေးဘူး” ဟုပြောသည်။
မုန်တိုင်းကြောင့် ဓာတ်မီးတိုင်များ ပျက်စီးသွား၍ လျှပ်စစ်မီးမရရှိသည့်ရွာများမှာ ယိုးတရုပ်၊ ရှင်တောင်၊ သဲတော်၊ ဗန်းဗွီး၊ ပြိုင်းတော၊ ဂဏန်းတောင်၊ အထက်မြတ်လှဲ၊ အောက်မြတ်လှဲနှင့် ပက်ခတ်ဆိပ်ရွာများ ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီးမရရှိသောကြောင့် ရွာပေါင်း ၅၇ ရွာက ကျန်းမာရေးကိစ္စအတွက် အားထားနေရသည့် ယိုးတရုပ်တိုက်နယ်ဆေးရုံတွင်လည်း လူနာများကို ခွဲစိပ်ကုသရန်အခက်ခဲဖြစ်နေကြသလို ကျေးရွာများတွင်လည်း အမှောင်ထုကို အခွင့်ကောင်းယူကာ ခိုးမှုများပါဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ရွာပေါင်း ၅၇ ရွာက အားထားရတဲ့ တိုက်နယ်ဆေးရုံမှာဆိုရင်လည်း မီးမရသေးတဲ့အတွက် အရေးပေါ်ခွဲစိပ်ကုသမှုအတွက် အခက်ခဲဖြစ်တယ်။ ညဘက်ဆို မှောင်တဲ့အတွက် နေအိမ်တွေကို သူခိုးတွေဝင်တယ်” ဟုပြောသည်။
မိုခါမုန်တိုင်းသည် မေလ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ရှိ မြို့နယ် ၁ဝ ခုတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုလဲပျက်စီး ပြတ်တောက် သွားခဲ့ခြင်းဖြစ်သည်။
ဇွန်လမှစတင်ကာ မုန်တိုင်းသင့်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိနေပြီ ဖြစ်သော်လည်း မုန်တိုင်းသင့်ကျေးရွာများတွင်မူ လက်ရှိအချိန်ထိ လျှပ်စစ်မီး မရရှိသေးခြင်းဖြစ်သည်။
မီးမရသည်မှာ ၄ လခန့်ကြာမြင့်နေသောကြောင့် လျှပ်စစ်ဖြင့် အသုံးပြုနေရသည့် လုပ်ငန်းများနှင့် ကျောင်းသူကျောင်းသူများအတွက် စာကျက်ရန် မီးမရှိ၍ အခက်ခဲကြုံနေရသည်ဟုလည်း ယိုးတရုပ်ကျေးရွာ၊ ချောင်းဝစုရပ်ကွက်မှ ဒေါ်ကျော့စိန်လှက နိရဥ္စရာကိုပြောသည်။
“ကလေးတွေညဘက်စာကျက်ရတာ အဆင်မပြေဘူး။ မီးကိုအမြန်ဆုံးရအောင် ဆောင်ရွက်ပေးစေချင်တယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် ပျက်စီးခဲ့သည့် မြို့နယ် ၁၀ မြို့ထဲမှ မီးမရဘဲကျန်ရှိနေသည့်ကျေးရွာများကို ယခု စက်တင်ဘာလအတွင်း လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်သွားပေးမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း စက်တင်ဘာလ ကုန်ခါနီးထိ လျှပ်စစ်မီးရရှိမည့် အရိပ်အယောင်ကို မမြင်ရသေးဟု ဒေသခံများက ပြောသည်။
https://www.facebook.com/narinjara.info/posts/709656701201462