By Narinjara / 2023 September 4

မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားပြီးနောက် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို သတိထားကြရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ International Committee of the Red Cross Myanmar (ICRC) မှ သတိပေးချက်များကို ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ICRC မှ ယမန်နေ့ စက်တင်ဘာ ၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားပြီး အချက် (၆) ကို ဖော်ပြထားသည်။
ဆိုင်ကလုန်းမုန်တိုင်းအပြီး မိုးကြီးပြီး ရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ကြောင်း ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ မြေကြီးပေါ်သို့ ပေါ်လာခြင်း သို့မဟုတ် မထင်မှတ်သည့်နေရာများသို့ ရွေ့သွားနိုင်ခြင်း၊ သစ်ပင် သစ်ကိုင်း အ ကျိုးအပဲ့များကို ရှင်းလင်းသည့်အခါ သတိထားရှင်းလင်းဖို့နှင့် စုပုံနေသည့် ပစ္စည်းများကို သတိထားကိုင်တွယ်ဖို့အပါအဝင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို တွေ့ရှိပါက မိသားစု မိတ်ဆွေများနှင့် သက်ဆိုင်ရာကို အ ကြောင်းကြားဖို့ အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ရခိုင်ပြည်တွင် ဇူလိုင်လ နောက်ဆုံးအပတ်နှင့် သြဂုတ်လ အစပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ကုလားတန်နှင့် လေးမြို့မြစ် တစ်လျှောက်တွင် ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ပြီး တချို့နေရာများတွင်လည်း မြေပြိုများဖြစ်ပွားခဲ့သည်။
ရေကြီး ရေလျှံမှုအဓိက ဖြစ်ပွားခဲ့သည့် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ဘေးရှောင်ဒုက္ခသည် အများအပြားရှိနေကြပြီး စစ်ဘေးရှောင်များမှာ ဝမ်းရေးအတွက် တောတောင်များကို မှီခိုနေရပြီး တောတောင်များကို သွားသည့်အခါ အထူးသတိထားရန် လိုအပ်သည်ဟု ဒေသခံ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်အနီးတွင် ဇွန်လ ၁၅ ရက်က မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးကို တွေ့ရှိထားသော်လည်း သက်ဆိုင်ရာက ဖယ်ရှားပေးမှုမရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။
တကျော့ပြန်တိုက်ပွဲအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်က ဒေသခံ အမျိုးသမီးများမှာလည်း အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မြေမြှုပ်မိုင်းအပါအဝင် ပေါက်ကွဲစေတတ်သည့် စစ်လက်ကျန်ပစ္စည်းများနှင့် တခြားအန္တရာယ်များကြားမှ တောတောင်များမှ ရာသီပေါ် သီးနှံများကို ရှာဖွေရောင်းချပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရသည်ဟု ဒေသခံ အမျိုးသမီးများက နိရဉ္စရာကို ပြောဆိုထားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ (၈)လတာ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ၂၅၇ ဦး ထိခိုက်ခံစားခဲ့ရပြီး ရခိုင်ပြည်တွင် ၁၁ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ၏ ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။
https://www.facebook.com/narinjara.info/posts/698830438950755