မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အခြေခံလက်လုပ်လက်စားတွေ အစာရေစာငတ်မွတ်မှုဒဏ်ခံနေရ

By Border News Agency / 2023 September   22

မုန်တိုင်းဒဏ်အများဆုံးခံစားခဲ့ကြရတဲ့ စစ်တွေမြို့ပေါ်က အခြေခံ လက်လုပ်လက်စားလူတန်းစားတွေဟာ အစာရေစာငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံနေကြရပြီး ကူညီသူမဲ့နေကြတယ်လို့ဆိုပါတယ်။

စစ်တွေမြို့ပေါ်က သုသာန်အမှိုက်ပုံအနီးမှာ ရှာဖွေစားသောက်နေထိုင်ကြသူအပါအဝင် စက်ရုံစုရပ်ကွက်မီးလောင်ကွင်း၊ ဓညဝတီရပ်ကွက်၊ မင်းဂံရပ်ကွက်စတဲ့ ရပ်ကွက်၊ ကျေးရွာတွေက အလုပ်လက်မဲ့နဲ့ အခြေခံလက်လုပ်လက် စားတွေဖြစ်တဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အစာရေစာ ငတ်ပြတ်မှုဒဏ်တွေကို ခံစားနေကြရတယ်လို့ ဆိုကြပါတယ်။

မုန်တိုင်းနောက်ပိုင်းမှာ စားဝတ်နေရေးခက်ခဲလာနေတဲ့အတွက် စစ်တွေသုသာန်အမှိုက်ပုံအနီးမှာ တဲထိုးနေထိုင်နေရတဲ့ ဦးမောင်မောင်သန်းကတော့ အလုပ်အကိုင်မရှိတာကြောင့် သားသမီးလေးယောက်ကို ရှာဖွေကျွေးမွေးဖို့ ခက်ခဲနေတယ်လို့ဆိုပါတယ်။

ထို့အတူပဲ စက်ရုံစုရပ်ကွက်မီးလောင်ကွင်းက အခြေခံလက်လုပ်လက်စားတွေရဲ့ နေအိမ်အများစုဟာလည်း လေဒဏ်၊ မိုးဒဏ်ကြောင့် အမိုးအကာမရှိနေထိုင်နေကြရပြီး အမျိုးသမီးတွေမှာ လုံခြုံမှုမရှိဖြစ်နေကြရတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဆိုပါစက်ရုံစုရပ်ကွက်မီးလောင်ကွင်းအတွင်းမှာ တောင်းရမ်းစားသောက်သူတချို့နေထိုင်တဲ့အပြင် အလုပ်လက်မဲ့နဲ့ အခြေခံလူတန်းစားတွေ အများစုနေထိုင်ကြတာလည်းဖြစ်ပါတယ်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီး ငါးလကျော်ကြာလာခဲ့ပေမယ့် ရခိုင်တစ်ပြည်နယ်လုံးမှာ လူမှုဘဝ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဟာ နှောင့်နှေးနေဆဲဖြစ်တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုတွေကို ယခင်ကထက် ခံစားနေကြရတယ်လို့ဆိုကြပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာပေါင်းနှစ်ထောင်ကျော်က ဒေသခံပြည်သူ ၁၅ သိန်းကျော်ဟာ မုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရတယ်လို့ ULA/AA က ထုတ်ပြန်ထားပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် အကူညီတွေကို နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေက စစ်ကောင်စီကို အလှူငွေဘီလီယံနဲ့ချီပြီး ကူညီပေးခဲ့သလို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ကိုလည်း အလှူငွေဘီလီယံနဲ့ ချီ ကူညီပေးခဲ့တာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် ကူညီထောက်ပံ့မှုတွေဟာ ဒေသခံပြည်သူတွေအတွက် လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်တာတွေ မတွေ့ကြရသေးတဲ့အပြင် အကူအညီပေးနေတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပရဟိတအဖွဲ့တွေရဲ့ ကူညီထောက်ပံ့ပေးရေးအတွက် သွားလာရေးတွေကိုပါ စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် မုန်တိုင်းသင့်ပြည်သူတွေအနေနဲ့ အခုလို ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပိုမိုခံစားလာနေကြရတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

https://www.facebook.com/watch/?v=994768221818514

Leave a Reply

Your email address will not be published.