By Narinjara / 2023 September 9

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့်ပြိုပျက်သွားသည့်အဆောက်အဦများကို ပြန်လည်ပြုပြင်ရာတွင် သက်ဆိုင်ရာဌာန အသီးသီးက ငွေကြေးထုတ်ပေးမှုကြန့်ကြာနေခြင်းကြောင့် လုပ်ငန်းများ ပြီးသင့်သည့်အချိန်တွင် မပြီးပြတ်ဘဲဖြစ်နေရသည်ဟု ပြည်နယ်ကန်ထရိုက်တာများ အသင်းက ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ် ကန်ထရိုက်တာများအသင်းဥက္ကဋ္ဌ ဦးကျော်အေးမောင်က “အဓိကအခက်အခဲက ငွေထုတ်တာပေါ့။ ငွေထုတ်တာက ကြန့်ကြာနေတဲ့သဘောရှိတယ်။ တကယ်လို့ ငွေတစ်ဖြတ်လောက်ထုတ်လို့ ရရင်တော့ ကျန်နဲ့အပိုင်းတွေကိုအမြန်ဆုံးပြီးအောင်လုပ်မယ်။ ဌာနဆိုင်ရာတွေက ထုတ်ပေးဖို့အဆင်သင့်လုပ်နေကြတယ်။ မကြာခင်ငွေငွေထုတ်လို့ရမယ်ဆိုရင် မကြာခင် အားလုံးပြီးသွားမှာပါ” ဟု နိရဉ္စရာကိုပြောသည်။
မိုခါကြောင့်ပျက်စီးသွားသည့်အဆောက်အဦများမှာ ပညာရေးဆိုင်ရာ အဆောက်အဦများ၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ၊ အစိုးရပိုင်းဆိုင်ရာ အဆောက်အဦများနှင့် အခြား ဌာနဆိုင်ရာများ၏ အဆောက်အဦများလည်း ပါဝင်သည်ဟု သိရသည်။
ယင်းအဆောက်အဦများကို ပြန်လည်ပြုပြင်ရာတွင် သက်ဆိုင်ရာ ဌာနအပါအဝင် ဆောက်လုပ်ရေး ဝန်ကြီးဌာတို့နှင့် ပူးပေါင်း လုပ်ဆောင်နေရပြီး ယင်းဌာနများ၏ ငွေကြေးထုတ်ပေးမှု ကြန့်ကြာနေကြခြင်းကြောင့် မုန်တိုင်းပြီးနောက် ၄ လခန့် ကြာမြင့်လာသည့်တိုင် ပြုပြင်မှု မပြီးစီးနိုင်ဖြစ်နေသေးသည်ဟု သိရသည်။
ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကမူ သူတို့၏ ပညာရေးကဏ္ဍအတွက် ရုံးချုပ်က ချပေးထားသည့်ငွေကြေးများကို ထုတ်ပေးရန်အတွက် စာချုပ်များလုပ်နေပြီဟု နိရဉ္စရာ သတင်းဌာနကိုပြောသည်။
“ထုတ်ပေးမယ်မကြာခင်။ တစ်ချို့တွေကတော့ ကျနေပြီ။ ထုတ်ပေးနေတာက အပိုင်းလိုက်ပေါ့နော်။ သန်း ၂၀ အောက်လုပ်ငန်းတွေ တော်တော်များများကို ချပေးထားပြီးပြီ။ ကုမ္ပဏီတွေများတဲ့အခါမှ နည်းနည်းစိစစ်တာတော့ ရှိတာပေါ့။ တစ်ချို့ကတော့ လုပ်ငန်းလုပ်တာတွေမှာ လုပ်ငန်းတစ်ခုလုံးအစား တပိုင်းတစလုပ်တာတွေလည်း ရှိတဲ့အခါကျတော့ ပြီးအောင်လုပ်ဖို့တွန်းအားပေးရတာမျိုးရှိတာပေါ့”ဟု နိရဥ္စရာကို ပြောသည်။
ရခိုင်တစ်ပြည်လုံးတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,၁၉၃ ကျောင်းရှိသည့်အထဲမှ ၁,၃၃၇ ကျောင်းမှာ မိုခါမုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးသွားခဲ့သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
လက်ရှိအချိန်ထိ ၉ဝ ရာခိုင်နှုန်းခန့်သာ ပြန်လည်ပြုပြင်ပြီးစီးသေးသည်ဟုလည်း သိရသည်။
မိုခါကြောင့်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁ဝ ခုအတွင်းရှိ အဆောက်အဦများကို အမြန်ဆုံးဆောက်လုပ်ပေးရန် ဒေသခံများက လိုလားနေကြောင်း သိရသည်။
ပြီးခဲ့သည်မေလ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးကာ အဆောက်အဦပေါင်း သိန်းနှင့်ချီ ထိခိုက်ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/701362495364216