မိုခါကြောင့်ပျက်စီးသွားသည့် စစ်တွေ ဝါဘိုရွာမှ ရခိုင်ရိုးရာရက္ကန်းလုပ်ငန်း ပြန်လည်ရပ်တည်ရန် ငွေကြေးအရင်းအနှီးလိုအပ်နေ

By Narinjara / 2023 September     11

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် ရခိုင်ရိုးရာအထည်များ ထုတ်လုပ်နေသည့်  ရက္ကန်းစင်များအားလုံး ပျက်စီးသွားပြီး လုပ်ငန်းပြန်လည်ထူထောင်ရန် ငွေကြေး အရင်းအနှီးများ အခက်ခဲဖြစ်နေကြောင်း သိရသည်။

ရက္ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ဝါဘိုကျေးရွာတွင် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် အိမ်များနှင့် ရက္ကန်းစင်များပျက်စီးသွားသည့်အတွက် ပြန်လည်ရပ်တည်ရန် ငွေကြေးအရင်းအနှီးလိုအပ်သည်ဟု ဝါဘိုကျေးရွာမှ ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ မခင်မြတ်သူက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ရက္ကန်းတွေပျက်၊ အိမ်တွေပျက်တော့ ရက္ကန်းတွေမကျန်ခဲ့တော့ဘူး။ စိုက်လုပ်ဖို့က သူတို့မှာ အရင်းမရှိဘူး။ ကျမတို့ ရက္ကန်းသည်တွေကလည်း အကုန်လုံးကိုစိုက်ထုတ်ပေးဖို့မတတ်နိုင်ဘူး။ ပြန်လို့အဆင်ပြေဖို့ဆိုရင် ထောက်ပံ့ကြေးပေးရန်ပိုကောင်းတယ်” ဟုပြောသည်။

ပျက်စီးသွားသည့် ရက္ကန်းစင်များကို တတ်နိုင်သူများက ပြန်လည်ပြုပြင်မွမ်းမံနိုင်သော်လည်း အဆင်မပြေသူများတွင် ရပ်တည်ရန်ခက်ခဲနေသည်ဟု ဝါဘိုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“လက်ရှိကတော့ စလုပ်တဲ့သူက စလုပ်နေကြပါပြီ။ မလုပ်တဲ့ကတော့ မလုပ်နိုင်ကြသေးပါဘူး။ မိုခါကြောင့် ရက္ကန်းစင်တစ်ခုမှမရလိုက်ဘူး။ တော်တော်ပျက်စီးသွားတယ်။ အားလုံးပျက်စီးသွားတော့ ချည်တွေလည်း ဝယ်ရတယ်။ အကုန်ပြန်ဝယ်ရတယ်” ဟု ပြောသည်။

ဝါဘိုကျေးရွာသည် ရိုးရာ ရက္ကန်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းလုပ်နေသည့် ရွာတစ်ရွာဖြစ်ပြီး ရက္ကန်းရက်လုပ်ရာတွင် ချည်လုံးများစျေးတက်ခြင်းနှင့် မိုခါမုန်တိုင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရသည်မှာ အခက်ခဲများရှိကြောင်း သိရသည်။

ဝါဘိုကျေးရွာတွင် အိမ်ခြေ ၃၁၆ ဆောင်ရှိပြီး ရက္ကန်းစင် ၄၀၀ ကျော်ရှိကာ  လက်ရှိတွင် ရက္ကန်းစင် ၃၀၀ ကျော်ခန့်မှာ လုပ်ငန်းပြန်လည်စတင်နေပြီဟု သိရသည်။

ဝါဘိုကျေးရွာမှထွက်ရှိသည့် ချည်ထည်များကို စစ်တွေမြို့နယ်တွင်သာ အဓိသာဖြန့်ချိနေပြီး ပြည်မဘက်သို့ စျေးကွက်ဖောက်နိုင်ခြင်းမရှိခြင်းကြောင့် စျေးကွက်ဖော်ဆောင်ပေးရန် ဒေသခံများကလိုလားနေကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/702707678563031

Leave a Reply

Your email address will not be published.