By Western News / 2023 September 20
ရခိုင်ပြည်၊ မာန်အောင်မြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မာန်အောင်ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို မသိရသေးဘဲ မြို့မဈေးအနီးနေထိုင်သူ အသက် ၅၀ ကျော်အရွယ် ဦးစည်သူ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ Western News မှ ဦးစည်သူ၏ မိသားစုဝင်များအား ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထား၍ အဆက်အသွယ် မရရှိသေးပေ။
ဦးစည်သူမှာ ဗမာလူမျိုးတစ်ဦးဖြစ်ပြီး မာန်အောင်မြို့တွင် အိမ်ထောင်ကျနေကာ ဖုန်းအရောင်းဆိုင်နှင့် ငွေလွှဲဝန်ဆောင်မှု စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“သူကတော့ မာန်အောင်မှာ နေလာတာ နှစ် ၃၀ လောက်တော့ ရှိပြီထင်တယ်။ ဒေသခံပဲ ပြောရမှာပေါ့။ ဗမာပြည်ဖက်ကနေ ပြောင်းလာပြီးတော့ မာန်အောင်မှာပဲ အိမ်ထောင်ကျတာ။ ဒီမှာ ဖုန်းဆိုင်၊ K pay၊ Wave Pay လုပ်ငန်းတွေကို လုပ်နေတာ၊ လုပ်ငန်းကတော့ ကြီးတယ်လို့ ပြောရပါမယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိပါဘူး ” ဟု ပြောသည်။
ဦးစည်သူအား ယခင်ကတည်းက ဖမ်းဆီးနိုင်ရန် စစ်ကောင်စီ ထောက်လှမ်းရေးအဖွဲ့ဝင်များက စောင့်ကြည့်လျှက်ရှိပြီး အကြိမ်ကြိမ် တိုင်ကြားခံနေရသူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။
မာန်အောင်မြို့နယ်မှာ PDF, NUG တို့နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရသည့် ဒေသခံ ၄၀ ဦးခန့်ရှိပြီး လူငယ်အများအပြားနှင့် သူနာပြုကျောင်းတက်နေသည့် ကျောင်းသားများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း Western News စုံစမ်းသိရသည်။
သတင်းရင်းမြစ်တစ်ဦးက “အာဏာသိမ်းပြီးနောက်ပိုင်း မာန်အောင်မှာ စစ်ကောင်စီရဲ့ စစ်ဆေးမေးမြန်းမှုကို ခံရတာ တော်တော်များပါတယ်။ PDF, NUG နဲ့ ဆက်စပ်တယ်။ ထောက်ခံ အားပေးတယ်ဆိုပြီး စွပ်စွဲတာ။ သူနာပြုကျောင်းတက်နေတဲ့ ကလေးတွေလည်းပါတယ်။ အသက် ၇၀ အရွယ် လူကြီးတွေလည်းပါတယ်။ အသက်ကြီးသူတွေဟာ PDF, NUG ဆိုတာကို အဖြူလား၊ အမဲလား၊ အဖွဲ့လား၊ လူပုဂ္ဂိုလ်လားဆိုတာတောင် သိတာမဟုတ်ဘူး။ အဲဒါ ခေါ်ယူမေးမြန်းမှုတွေ ခံနေရတယ်” ဟု ပြောသည်။
မာန်အောင်မြို့နယ်တွင် PDF, NUG နှင့် ဆက်စပ်သည်ဆိုပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၀ ဦးကျော်ရှိပြီး သတင်းမီဒီယာများနှင့် အလှမ်းဝေးသောကြောင့် ဒေသတွင်းဖြစ်ပျက်နေခြင်းတို့ကို ပြည်သူများက မသိရှိကြကြောင်း ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းထဲက ဒေသခံ ကဗျာဆရာတစ်ဦးက ပြောသည်။
“အာဏာသိမ်းပြီးမကြာခင်မှာပဲ ကျောင်းသားလူငယ်တချို့ကို ဖမ်း၀ရမ်းထုတ်တာတွေရှိတယ်။ အမျိုးသမီးငယ်တွေလည်းပါတယ်။ နောက်ပိုင်း သက်ကြီးပိုင်းတွေကိုပါ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲတယ်။ ရခိုင်ပြည်အတွင်းက တခြားမြို့နယ်တွေထက် များမယ်လို့ထင်ပါတယ်။ ဒေသခံ ရခိုင်လူမျိုးတွေ ပိုများပါတယ် ” ဟု ပြောသည်။
မာန်အောင်မြိုနယ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD နှင့် ကြံ့ခိုင်ရေးပါတီ USDP ကို ထောက်ခံသူများပြားသော ဒေသတစ်ခုဖြစ်ပြီး ၂၀၁၈ နောက်ပိုင်းတွင် ရခိုင်အမျိုးသားရေး၊ နိုင်ငံရေးဘက်သို့ ပိုမိုစိတ်ဝင်စားလာသော ဒေသတစ်ခုလည်းဖြစ်သည်။
မာန်အောင်မြိုနယ်တွင် ရခိုင်တိုင်းရင်းသားလူမျိုး အများဆုံးနေထိုင်သော်လည်း ချင်းလူမျိုးတချို့နှင့် တခြားနေရာဒေသများမှ လာရောက်နေထိုင်သူများလည်းရှိကြောင်း သိရသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/748419067297522