(ဖုန်းကြည့်နေသည့် မိန်ခလေးတစ်ဦးနှင့် ၁၁ နှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ ဒဏ်ရာရ)
By Narinjara / 2023 September 16
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးကြီး ၁ ဦးသေဆုံးပြီး အသက် ၁၉ နှစ်အရွယ် မိန်းခလေးတစ်ဦးနှင့် ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး တို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သေဆုံးသွားသည့် အမျိုးသမီးမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ အသက်(၅၁)နှစ်အရွယ် ဒေါ်မတင်အေးဖြစ်သည်။
ဒဏ်ရာရရှိသည့် ကျန် ၂ ဦးမှာ သေဆုံးသွားသူနှင့် အိမ်နီးချင်းများဖြစ်ကြသည့် အသက် (၁၉)နှစ်အရွယ် မသန်းမြင့်လှိုင်နှင့် မောင်ဖြစ်သူ မောင်ဇူလှိုင်ဖြိုး(၁၁)နှစ်တို့ဖြစ်သည်ဟု သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်၊ ညနေ ၇ နာရီကျော်က မင်းပြားမြို့တွင် မိုးရွာပြီး လျှပ်စီးလက်ကာ မိုးကြိုးများပစ်နေခဲ့သည်ဟု သိရသည်။
ယင်းအချိန် ဒေါ်မတင်အေးသည် ရေချိုးနေစဉ် မိုးကြိုးပစ်ခံလိုက်ရ၍ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး မောင်နှမ ၂ ဦးသည်လည်း ဖုန်းကြည့်နေရာမှ မိုးကြိုးပစ်ခံရ၍ ဒဏ်ရာများရသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ မြို့ခံတစ်ဦးက “မိုးကြိုးပစ်တုန်း ဒေါ်မတင်အေးက ရေကပြင်နားမှာ ရေချိုးနေတာလို့ပြောတယ်။ သူကတော့ ရေချိုးနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကျန်တဲ့ မောင်နှမနှစ်ယောက်မှာလည်း ပြင်းထန်ဒဏ်ရာရသွားတယ်” ဟု ပြောသည်။
ဒဏ်ရာရရှိသူ မောင်နှမ ၂ ဦးအနက် ပြင်းထန်ဒဏ်ရာရရှိသွားသည့် မသန်းမြင့်လှိုင်တွင် မီးလောင်ဒဏ်ရာအပြင် ခြေနှစ်ဖက်ကျိုးသွားသည့်အတွက် ယနေ့မနက်ပိုင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။
မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည့် ဒေါ်မတင်အေး၏ ရုပ်အလောင်းကို ယမန်နေ့ညကတည်းက မင်းပြားမြို့သင်္ချိုင်းသို့ပို့ဆောင်ထားလိုက်ပြီး ယနေ့ ညနေပိုင်း၌ သင်္ဂြိုလ်သွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာမှ ဒေါ်ခိုင်ဇာနည်ဝင်း(ခ)မဲညို (၂၉)နှစ်နှင့် သူ၏မတ်တော်စပ်သူ ကိုအောင်သိန်းချေ(၁၉)နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဝမ်းတီးကျေးရွာမှ ကိုလုံးချေ(၂၇)နှစ်နှင့် မြောက်ဦးမြို့နယ်၊ သူငယ်တော်ကျေးရွာမှ အသက်(၄၃)နှစ်အရွယ် ဦးအေးသိန်းထွန်းတို့သည်လည်း မိုးကြိုးထိမှန်သေဆုံးသွားခဲ့သည်။
ယင်းအပြင် ယင်းနေ့တစ်နေ့တည်းတွင် မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ်၊ အောင်ဇေယျကျေးရွာမှ ဒေါ်ရွှေမြစိန်(၄၃)နှစ်သည်လည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျောက်တော်ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရသည်။ (NN-12)
https://www.facebook.com/narinjara.info/posts/705517858282013