ဘူးသီးတောင်၊ မောင်တောဘက်တွင် အကြမ်းဖက် သောင်းကျန်းသူများကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးထား

(ဒေသခံပြည်သူများအနေဖြင့် လိုအပ်တာထက် မစိုးရိမ်ကြဖို့ AA ပြော)

By Western News / 2023 September     29

 ပုံစာ-ARSA အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။

ရခိုင်ပြည်၊ ဘူးသီးတောင်၊ မောင်တောဒေသများတွင် ရက္ခိုင့်တပ်တော် ULA/AA မှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည်မှာ နှစ်ပတ်ကျော်ခန့်ရှိနေပြီး သောင်းကျန်းသူအချို့ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိထားကြောင်း ပြောခွင့်ရ ဦးခိုင်သုခက Western News ကို ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်ကနေ ဘူးသီးတောင်၊ မောင်တော ဒေသတို့တွင် အကြမ်းဖက်အဖွဲ့ ARSA လက်နက်ကိုင်အဖွဲ့မှာ ဒေသခံမွတ်ဆလင်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဒေသခံများ၏ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည်။

ARSA မှ ယင်းကဲ့သို့ အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်နေ၍ ရက္ခိုင့်တပ်တော် ULA/AA မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး အရေအတွက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

AA ပြောခွင့်ရ ဦးခိုင်သုခက “ဘူးသီးတောင်၊ မောင်တောမှာ အကြမ်းဖက်ကျူးလွန်နေတဲ့ အဖွဲ့တွေကို လိုက်လံရှာဖွေဖမ်းဆီးနေတာရှိပါတယ်။ မွတ်ဆလင်တွေအပါအဝင် ဒေသခံလူထုတွေနဲ့ ကျနော်တို့ရဲ့ အာရက္ခပြည်သူ့အစိုးရ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတာရှိပါတယ်။ ရာဇဝတ်ဂိုဏ်းသားတစ်ချို့ကို ဖမ်းမိထားတာရှိတယ်။ ဘယ်နှစ်ယောက်ဖမ်းမိထားသလဲဆိုတာက ကျနော့်ဆီ ရောက်မလာသေးဘူး ” ဟု ပြောသည်။

အထူးသဖြင့် မောင်တောဒေသတွင် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများ၊ အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံပေးနေသူများကို ရှာဖွေဖမ်းဆီးသည့်အပြင် မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ပြည်သူလူထုများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း ဦးခိုင်သုခက ဆိုသည်။

“ဒေသခံပြည်သူတွေအနေနဲ့ လိုအပ်တာထက် မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး သတင်းတွေကို ရရှိလို့ရှိရင်လည်း ကျနော်တို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေဆီကို အချိန်နဲ့တပြေးညီ ပို့ပေးပြီးတော့မှ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ် “ဟု ဆက်လက်ပြောသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့များမှလည်း ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် မွတ်ဆလင်အကြမ်းဖက်အဖွဲ့များကို ရှာဖွေဖမ်းဆီးခြင်းရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ARSA လက်နက်ကိုင်အဖွဲ့ကို စစ်ကောင်စီက ကျောထောက်နောက်ခံပြုပြီး လက်နက်များ၊ စစ်ပညာများ သင်ကြားပေးနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA လက်နက်ကိုင်အဖွဲ့ကလည်း ၎င်းတို့ကို ဆန့်ကျင်သော မွတ်ဆလင်များအား လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ထောက်ခံအားပေးခြင်းများပြုလုပ်ရန် မွတ်ဆလင်လူမျိုးများအား စည်းရုံးနေကြောင်း ဒေသခံမွတ်ဆလင်များက ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် ARSA လက်နက်ကိုင်အဖွဲ့တစ်ခုတည်းမဟုတ်ဘဲ အခြားသော မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ၃ အဖွဲ့အထိ ရှိနေကြောင်း စုံစမ်းသိရပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် ကောဘဇားခရိုင်အတွင်းနှင့် မောင်တောနယ်စပ်တို့တွင် လှုပ်ရှားလေ့ရှိကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဘူးသီးတောင် မေယုတောင်တန်းတွင် ရက္ခိုင့်တပ်တော် AA နှင့် ARSA လက်နက်တို့ကြား တိုက်ပွဲနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားမှုရှိခဲ့ပြီး နှစ်ဖက်စလုံးတွင် အထိအခိုက်ရှိခဲ့ကာ ARSA အဖွဲ့ဝင်အချို့သည် စစ်ကောင်စီတပ်ရင်းများသို့ ခိုလှုံသွားကြသည်ဟု Western News အခိုင်အမာ သတင်းရရှိထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/753875923418503

Leave a Reply

Your email address will not be published.