ဘူးသီးတောင်တွင် အသက် ၁၀ နှစ် အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

By DMG / 2023 September        7

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အနီး ကကျက်ဘက်ကံပြင်အုပ်စု၊ တပ်ရာ(တိုးချဲ့)ရွာတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၇ နာရီကျော်အချိန်တွင် ဘူးသီးတောင်မြို့မှ ဦးညီညီလှ(၄၅ နှစ်)က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျူးလွန်ခံရသူမိန်းကလေးမှာ မိဘများမရှိတော့သဖြင့် ညီမနှစ်ယောက်နှင့်အတူ အသက် ၆၀ အရွယ်ရှိ အကြားအမြင်ချို့တဲ့သူ အမျိုးသမီးတစ်ဦးနှင့် နေထိုင်ခြင်းဖြစ်သည်။ ဦးညီညီလှမှာ ယခင်ကလည်း ထိုအိမ်သို့ အဝင်အထွက်ရှိပြီး အခင်းဖြစ်ပွားသည့်နေ့က အမျိုးသမီးကြီးကို အရက်ဝယ်ခိုင်းလိုက်ပြီး မိန်းကလေးငယ် တစ်ယောက်တည်းရှိနေချိန် အဓမ္မကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲ့ဒီနေ့က မိန်းကလေးက ညီမတွေနဲ့အတူ အိမ်နားမှာကစားနေကြတာ။ အမှုကျူးလွန်တဲ့ အမျိုးသားက ကလေးတွေကို ငွေတစ်ထောင်စီပေးပြီးတော့ နှင်ထုတ်လိုက်တယ်။ အဲဒီမိန်းကလေးကိုတော့ ဖျားယောင်းသွေးဆောင်ပြီး ပါးစပ်ပိတ်ပြီးတော့ အဓမ္မပြုကျင့်တာဖြစ်တယ်” ဟု အနီးအနားနေသူ ဒေါ်စန္ဒာဝင်းက ပြောသည်။

ယင်းဖြစ်စဉ်ပြီးနောက် နောက်တစ်နေ့တွင် မိန်းကလေးငယ်မှာ နေထိုင်မကောင်းဖြစ်၍ မေးမြန်းကြသည့်အခါမှ အဓမ္မကျူးလွန်ခံရခြင်းကို သိရခြင်းဖြစ်သည်ဟု အိမ်နီးနားချင်းများက ပြောသည်။

ကျူးလွန်သူ ဦးညီညီလှကို စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဒေသခံများနှင့် ဘူးသီးတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတို့က ဖမ်းဆီးခဲ့ပြီး နခခ (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့(ခွဲ)သို့ ပို့ဆောင်ထားကြောင်း ဘူးသီးတောင်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။

မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံရပြီးနောက် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရ၍ ဘူးသီးတောင်ဆေးရုံတာဝန်ရှိသူကို DMG က ဆက်သွယ်ခဲ့ရာတွင် မီဒီယာများအား ချပြခွင့်မရှိကြောင်း ပြောသည်။

ရခိုင်ပြည်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များအပေါ် အဓမ္မပြုကျင့်မှုများ မကြာခဏဖြစ်ပွားနေ၍ အာဏာပိုင်များက ထိရောက်စွာ ကိုင်တွယ်အရေးယူသင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ဝေဖန်ကြသည်။

ပြီးခဲ့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး ဇူလိုင်လ ၈ ရက်နေ့တွင်လည်း တောင်ကုတ်မြို့ ချောင်းသုံးခွကျေးရွာမှ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ခဲအိုဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

“ရခိုင်မှာက အဓိက အဓ္ဓမပြုကျင့်ခံရတာက အသက်မပြည့်တဲ့ မိန်းကလေးတွေများတယ်။ အဲဒီထဲမှာ ဆွေမျိုးတော်စပ်သူကိုယ်တိုင်က ပြုကျင့်တာတွေကို တွေ့လာရတယ်။ ရခိုင်ပြည်မှာက ပြစ်မှုကျူးလွန်တဲ့သူကို သက်ဆိုင်ရာအာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူတာတွေ မရှိတာကြောင့် ယုတ်မာတဲ့သူတွေအတွက် ကျူးလွန်ဖို့ အခွင့်အရေးတစ်ခုဖြစ်သွားတယ်” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့(RWIO)မှ ဒေါ်စောစံငြိမ်းသူက ပြောသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အသက် ၁၂ အောက် အမျိုးသမီးအပေါ် အဓမ္မကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်သည်။

#I011 #I013

https://www.facebook.com/dmgnewsagency/posts/693699072803692

Leave a Reply

Your email address will not be published.