By Narinjara / 2023 September 16
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လှေတစ်စီးဖြင့် ခိုးဝင်လာသည့် အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးကို စကစ နယ်ခြားစောင့်တပ်က ဖမ်းမိပြီးနောက် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံလိုက်ရသည့်ကျေးရွာအုပ်ချုပ်ရေးမှူးမှာ မောင်တောမြို့နယ်မြောက်ပိုင်း၊ မျောတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာလီ (အသက် ၄ဝ အရွယ်ခန့်) ဖြစ်သည်။
သူသည် စက်တင်ဘာလ ၁၅ ရက်တွင် နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက ပြောသည်။
“၂ဝ၁၆/၂ဝ၁၇ မှာ အဲဒီ မျောတောင်ရွာမှာ ARSA အဖွဲ့တွေ ခိုလှုံနေခဲ့တယ်။ အဲဒီကိစ္စနဲ့ အဖမ်းခံရတာပါ။ အဲဒီအဖမ်းခံရတဲ့ ၆ ယောက်ကို စစ်ဆေးတဲ့အခါ ဘယ်မှာနေတယ်။ ဘယ်ရွာမှာနေခဲ့တယ်ဆိုတာ အဲလို ပြောဆိုတာနဲ့ သူ့ကို ခေါ်ယူစစ်ဆေးနေတာဖြစ်မယ်”ဟု ပြောသည်။
ယခုဖမ်းဆီးခံလိုက်ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လှေနှင့်အတူဖမ်းမိသည့် ARSA အဖွဲ့ဝင် ၆ ဦးတို့ကို မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ နခခ(၅)တပ်ထဲတွင် စစ်ဆေးလျက်ရှိသည်ဟုလည်း သူက ဆက်ပြောသည်။
“ကျနော်တို့ကြားတာက အဲဒီ လှေနဲ့ တွေ့တဲ့ ၆ ယောက်က သူ့ရွာသားလို့ ပြောသံကြားတယ် ”ဟု ပြောသည်။
အဆိုပါ ARSA အဖွဲ့ဝင် ၆ ဦးကို နယ်စပ်တွင် မည်သည့်နေ့က ဖမ်းမိခဲ့သည်ဆိုသည်ကို ဒေသခံများက မသိရှိကြသလို နိရဥ္စရာအနေဖြင့်လည်း စုံစမ်း၍ မရနိုင်သေးပါ။
ARSA အဖွဲ့ဝင်များသည် ယခုနောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်ခိုးဝင်ကာ စိမ့်ဝင်လှုပ်ရှားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်၊ ညအချိန်ကလည်း ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းခေါင်းဆွဲ ကျေးရွာမှ အသက် ၆ဝ ကျော်အရွယ် ရပ်မိရပ်ဖ ဦးမာမတ်ရူရ်ကူရ်းကို ARSA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြသည်။
အလားတူ သြဂုတ်လ ၁၂ ရက်၊ ညနေ ၆ နာရီခန့်ကလည်း စံပယ်ကုန်းကျေးရွာမှ မွတ်ဆလင်စီးပွားရေးသမားနှစ်ဦးကို လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား လမ်းမပေါ်၌ ARSA အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။
ယင်းနောက် ဖမ်းဆီးခံရသူ ၂ ဦးအနက် တစ်ဦးလွတ်မြောက်လာခဲ့သော်လည်း ကျန်တစ်ဦးမှာ ယခုထိ လွတ်မြောက်မှုမရှိသေးဘဲ သတင်းအစအနမရ၍ မိသားစုဝင်များက စိုးရိမ်လျက်ရှိသည်။
ARSA အကြမ်းဖက်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။
https://www.facebook.com/narinjara.info/posts/705512401615892