နေရပ်ပြန်ရန်အခွင့်သာပေမဲ့ နိမ့်ကျတဲ့လူမှုဘဝကို ပြန်မသွားလိုတဲ့ ရခိုင်က အစောဆုံး စစ်ဘေးရှောင်တွေ

By DMG / 2023 September        16

ရခိုင်ပြည်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ရပ်တန့်နေတာဟာ ၉ လကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၅,၈၀၀၀ ကျော် ရှိနေသေးတာပါ။

အဲဒီအထဲမှာ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းက ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ မြိုတိုင်းရင်းသား စစ်ဘေးရှောင် လူဦးရေ နှစ်ထောင်လောက်ထိ ပါဝင်ပါတယ်။ သူတို့တွေဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ အရှိန်အဟုန် ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေကြရတဲ့ ရခိုင်ပြည်က အစောဆုံး စစ်ဘေးရှောင်တွေပါ။

လက်ရှိမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် တို့ဟာ နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေရပ်တန့်ထားကြပါတယ်။ ယိုးချောင်းဒေသမှာလည်း စစ်ရေးလှုပ်ရှားမှု မရှိတော့သလို လက်နက်ကိုင်တပ်ဖွဲ့တွေက တပ်စွဲထားတာလည်း မရှိတော့ပါဘူး။

ဒေသတည်ငြိမ်အေးချမ်းနေပေမဲ့ ယိုးချောင်းအထက်ပိုင်းက စစ်ဘေးရှောင်တွေမှာ ငါးနှစ်ကြာအထိ နေရပ်မပြန်သေးကြတာ ဖြစ်ပါတယ်။ မိမိဒေသမှာမရရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး အခွင့်အလမ်းတွေကို စစ်ဘေးရှောင်စခန်းကနေတစ်ဆင့် ရရှိနေတဲ့အတွက် တိုးတက်မှုမရှိတဲ့နေရပ်ကို မပြန်ကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကျမတို့ ရွာနဲ့က ဆေးရုံ၊ ဆေးခန်းနဲ့ တအားကိုဝေးတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းတော့ ရွာမှာတုန်းကဆိုရင် ကလေးတွေ အသေများကြတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း ကလေးမမွေးနိုင်ဘဲ လမ်းမှာ သေသွားတဲ့သူတွေ အများကြီးပဲ” လို့ ကျောက်တော်မြို့နယ်၊ ပါချေ(မြို)ကျေးရွာက စစ်ဘေးရှောင် မအေးအေးခိုင်က ပြောပါတယ်။

ယိုးချောင်းအထက်ပိုင်းဟာ မြိုတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ဒေသတစ်ခုဖြစ်ပြီး မြို့ပြနဲ့လည်း ဝေးလွန်းပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေဟာလည်း အခုအချိန်ထိ တိုးတက်မှုမရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီဒေသက နေရပ်မပြန်ကြသေးတဲ့ စစ်ဘေးရှောင် ၁,၉၈၉ ဦးထိရှိပြီး သူတို့တွေဟာ ကင်ဘိ၊ သိန်းချောင်း၊ ခမောင်း၊ တဲဝ၊ လီကွေ့၊ ပညာဝစတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေဟာ ကျောက်တော်မြို့နယ်က ဝါးတောင်၊ တောင်မင်းကုလား၊ အထက်မြက်လှဲ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတာပါ။

ရေကြောင်းလမ်းတစ်ခုတည်းကိုသာ အားထားပြီး သွားလာနေရတဲ့ ယိုးချောင်းဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ တာဝန်ကျတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လာရောက်တာဝန်ထမ်းဆောင်မှု အားနည်းတဲ့အတွက် ပညာရေးနဲ့ ကျန်းမားရေး ကဏ္ဍာတွေမှာလည်း လိုအပ်ချက်များစွာ ရှိနေပါတယ်။

ဒါကြောင့် ယိုးချောင်းဒေသက စစ်ဘေးရှောင်တွေဟာ အခုအချိန်ထိ နေရပ်မပြန်ကြဘဲ ပညာရေး၊ ကျန်းမာရေးအတွက် အဆင်ပြေတဲ့ စစ်ဘေးရှောင်စခန်းမှာ ဆက်ပြီးနေထိုင်နေကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ ယိုးချောင်းအထက်ပိုင်းက သွားလာရေးခက်ခဲတဲ့အတွက် ပညာရေးကအစ အခက်အခဲရှိတယ်။ ဆရာ/မတွေက ကျောင်းရှိလည်း ပုံမှန်မလာကြဘူး။ ကျနော်တို့ ရွာပြန်သွားရင်လည်း ကျောင်းဆရာ/မတွေက ရောက်လာကြမှာ မဟုတ်ဘူး” လို့ ကျောက်တော်မြို့နယ်၊ သိန်းချောင်း(မြို)ကျေးရွာက စစ်ဘေးရှောင် ကိုကြံတိုင်းအောင်က ပြောပါတယ်။

ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ယိုးချောင်းဒေသက စစ်ဘေးရှောင် ၁၀၀ ကျော်မှာ စစ်ကောင်စီအစီအစဉ်နဲ့ နေရပ်ကို အပြီးပိုင်စွန့်ခွာပြီး မောင်တောမြို့နယ်သို့ ရွှေ့ပြောင်းသွားခဲ့ကြပါတယ်။

တစ်ဖက်မှာ တချို့စစ်ဘေးရှောင်တွေဟာ မိမိနေရပ်ကို ပြန်ချင်ပေမယ့် နေရပ်ပြန်ဖို့ မသေချာ မရေရာဘူးလို့ ပြောပါတယ်။ တိုက်ပွဲအကျိုးဆက်ဖြစ်တဲ့ စစ်ကျန်လက်နက်နဲ့ မြေမြုပ်မိုင်းအန္တရာယ်ကလည်း စစ်ဘေးရှောင်တွေရဲ့ နေရပ်ပြန်ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ရှိနေတာပါ။

မိမိဒေသမှာ စိတ်ချလုံခြုံစွာ လုပ်ကိုင်စားသောက်နိုင်တဲ့အချိန်မှာပဲ နေရပ်ပြန်နိုင်မှာဖြစ်တယ်လို့ ဝါးတောင်စစ်ဘေးရှောင် စခန်းမှာ ခိုလှုံနေတဲ့ ကင်ဘိကျေးရွာက ဦးဝင်းမောင်က ပြောပါတယ်။

“ကျနော်တို့ နေရပ်ကိုမပြန်နိုင်တာ ၅ နှစ်လောက်ရှိပြီ။ ဘယ်နေရာမှာ မိုင်းရှိတယ်၊ မရှိဘူးဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ အသွားအလာလည်း မရှိဘူး။ မိုင်းရှင်းလင်းပြီးမှ တစ်ဖက်နဲ့တစ်ဖက် စစ်ရေးစစ်ရာ အေးချမ်းမှ နေရပ်ပြန်နိုင်မှာဖြစ်တယ်” လို့ ကျောက်တော်မြို့နယ်၊ ကင်ဘိ(မြို)ကျေးရွာက စစ်ဘေးရှောင် ဦးမောင်ဝင်းက ပြောပါတယ်။

ယိုးချောင်းဒေသဟာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ဒေသတစ်ခုပါ။

လက်ရှိမှာ ယိုးချောင်းဒေသက စစ်ဘေးရှောင်တွေမှာ WFP က ထောက်ပံ့တဲ့ လူတစ်ဦးကို ငွေကျပ်သုံးသောင်းနဲ့ ရပ်တည်နေရပြီး စစ်ကောင်စီဆီက အကူအညီမရရှိတာဟာ တစ်နှစ်ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ကြံရာကျပန်းအလုပ်နဲ့ စားဝတ်နေရေးအပါအဝင် ကျန်းမာရေး၊ ပညာရေးတွေကို ဖြေရှင်းနေကြရတဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

“ဟိုမှာသွားလုပ်၊ သည်မှာသွားလုပ်နဲ့ စိတ်အေးချမ်းမှု မရှိဘူး။ သားသမီးတွေ စာသင်နေတာလည်း ကျူရှင်တို့ မထားနိုင်ကြဘူး။ ဒီမှာနေရတာကို ဝမ်းလည်းမသာဘူး။ စိတ်လည်းမကောင်းဘူး” လို့ ကျောက်တော်မြို့နယ်၊ ကင်ဘိ(မြို)ကျေးရွာက စစ်ဘေးရှောင် ဦးမောင်ဝင်းက ပြောပါတယ်။

ယိုးချောင်းဒေသက စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးပိုင်းတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဦးထွန်းဝင်းက ပြောပါတယ်။

“စစ်ရှောင်တွေ ပြန်လည်အခြေချနေထိုင်ကြတော့မယ်ဆိုရင် ကျန်းမာရေးကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ လူဦးရေနဲ့ညီမျှမဲ့ ကျန်းမားရေးစောင့်ရှောက်မှုတွေ လုပ်ပေးဖို့လိုမယ်။ နောက် ကလေးတွေအတွက်လည်း ပညာရေးအပါဝင် လမ်းပန်းဆက်သွယ်ရေးကအစ လူအသိုင်းအဝန်းတခုကို ချပေးထားဖို့လိုအပ်တယ်” လို့ သူကပြောပါတယ်။

အောင်သူရ – ရေးသည်

https://www.facebook.com/dmgnewsagency/posts/698581828982083

Leave a Reply

Your email address will not be published.