By Narinjara / 2023 September 27
ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ထုတ်ပယ်ခံထားရသည့် ဒေါ်စန္ဒာမင်း အပါအဝင် ၃ ဦးသည် ဂျပန်နိုင်ငံသို့သွားရောက်ပြီး စစ်ကောင်စီ အတွက် ဝါဒ ဖြန့်ပေးခဲ့သည်ဟု People’s Spring က သတင်းဖော်ပြထားသည်။
သူတို့ ၃ ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာအရေးကို ကူညီပေးနေသော ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်အချို့နှင့် စက်တင်ဘာ ၁၉ ရက်တွင်တွေ့ဆုံ၍ စစ်ကောင်စီအတွက်ဝါဒဖြန့်ပေးခဲ့ခြင်းဖြစ်ကြောင်း People’s Spring က စက်တင်ဘာလ ၂၆ ရက်တွင် သတင်းဖော်ပြထားသည်။
ယင်းသို့တွေ့ဆုံရာတွင် ဒေါက်တာအေးမောင်တို့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)က မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေပြီး ဂျပန်နိုင်ငံရှိ နွေဦးတော်လှန်ရေး ထောက်ခံသူများ၊ ရန်ပုံငွေရှာဖွေမှုများကို သတိထားရန် ပြောကြားခဲ့ကြောင်း People’s Spring က ဖော်ပြသည်။
ယင်းအပြင် စစ်တပ်က ၂ဝ၂၃ ခုနှစ်၊ မတ်လတွင်ထုတ်ဝေထားသည့် စစ်အာဏာသိမ်းမှုလက်မခံသော တော်လှန်ရေးအင်အားစုများ၏ အကြမ်းဖက်မှုဟူသော စာအုပ်ကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။
တိုကျိုရှင်ဘွန်းသတင်းဌာနမှ သတင်းထောက် မစ္စတာ ရှီဂဲဖုမိကီတာဂါဝါကလည်း ဒေါက်တာ အေးမာင်တို့သည် ဂျပန်လွှတ်တော်အမတ်များထံသို့လာ၍ မြန်မာနိုင်ငံမှ မတည်ငြိမ်မှုများအတွက် ဒီမိုကရေစီ ခုခံကာကွယ်သူများကို အပြစ်တင်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပရန်လိုကြောင်း ပြောဆိုခဲ့ကြသည်ဟု သူ၏ တွစ်တာစာမျက်နှာတွင် စက်တင်ဘာ ၂၄ ရက်က ရေးသားထားသည်။
တွေ့ဆုံရာတွင် ဒေါက်တာအေးမောင်တို့ ၃ ဦးနှင့်အတူ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးသန်းနိုင်၊ ဂျပန်နိုင်ငံသား တစ်ဦးတို့လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
ဒေါက်တာအေးမောင်တို့၏ ယခုခရီးစဉ်သည် စစ်တပ်အတွက် ဝါဒသွားဖြန့်ခြင်းဟု ရာနှုန်းပြည့် နီးပါးခန့်မှန်းနိုင်သော်လည်း သူတို့သည် အစိုးရ၏ကိုယ်စားလှယ်များလည်း မဟုတ်သည့်အတွက် စစ်တပ်၏ လုပ်ရပ်များအပေါ် ကာကွယ်နိုင်လောက်သည့်အဆင့်တွင် မရှိကြောင်း ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ထောက်ပြသည်။
“ဒီအကျိုးဆက်ကတော့ အဲဒီပုဂ္ဂိုလ်တွေအတွက်တော့ မကောင်းဘူး။ သူတို့အဆင့်လောက်နဲ့ စစ်တပ်ကို ကာကွယ်ပေးနိုင်ဖို့အဆင့်လည်း မရှိပါဘူး။ စစ်တပ်ရဲ့ဆိုးသွမ်းတဲ့လုပ်ရပ်တွေကို ပျောက်သွားအောင် အထိ၊ တစ်ဘက်ကို အပြစ်ဖြစ်သွားအောင်အထိ ကာကွယ်ပေးနိုင်တဲ့ အခြေအနေလည်း မဟုတ်ဘူး။ သူတို့က အစိုးရကိုယ်စားလှယ်လည်း မဟုတ်ဘူး။ သာမန်ပုဂ္ဂိုလ်တွေပဲ ဖြစ်တယ်။ ဆိုတော့ အဲလောက်ထိလည်း သူတို့ လုပ်နိုင်စွမ်းအားရှိမယ်လို့ မထင်ဘူး။ ဘာလို့ဆို စစ်ကောင်စီရဲ့ လုပ်ရပ်တွေက တစ်ကမ္ဘာလုံးက သိနေတယ်။ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ နေ့စဉ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေက တစ်ကမ္ဘာလုံးက သိနေတယ်။ မိုးကြိုးပစ်နေတာကို ထန်းလက်နဲ့ကာနေလို့တော့ ရမယ်မထင်ဘူး”ဟု ပြောသည်။
ယခုခရီးစဉ်ကြောင့် သူတို့အပေါ် အထင်အမြင်သေးစရာ၊ ပုံရိပ်ကျစရာ၊ ပြည်သူများ၏ ဝေဖန် ထောက်ပြစရာများဖြစ်လာရုံသာရှိပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် PDF များကို အပုပ်ချ ပြောဆိုခဲ့မှုကြောင့် သူ၏လုံခြုံရေးတောင် စိုးရိမ်ရသည့်အနေအထားတွင် ရှိလာနိုင်သည်ဟုလည်း ဆိုသည်။
People’s Spring ရေးသားသလို စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးရန် ဂျပန်သို့ သွားရောက်ခြင်း ဟုတ် မဟုတ်ကို သိရှိနိုင်ရန် ဒေါက်တာအေးမောင်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဒေါက်တာအေးမောင်သည် ရခိုင့်ဘုရင့်အချုပ်အခြာအာဏာကျဆုံးသည့် နေ့နှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ်တွင် ၂ဝ၁၈ ခုနှစ်က ဟောပြော ခဲ့မှုကြောင့် စစ်တပ်က နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့ဖြင့် တရားစွဲကာ ၂ဝ၁၉ ခုနှစ်တွင် စစ်တွေခရိုင်တရားရုံး၏ ထောင်ဒဏ် နှစ် ၂ဝ ချမှတ်ခြင်းကိုခံခဲ့ရသူဖြစ်သည်။
ယင်းနောက် စစ်တပ်အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သူဖြစ်သည်။
အလားတူ ဒေါ်စန္ဒာမင်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် NLD ကိုယ်စားပြု အနိုင်ရခဲ့သူဖြစ်သည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက်တို့ကို ဆန့်ကျင်၍ လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစား လုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထား၍ဟု ဆိုကာ NLD ဗဟိုအလုပ်ကော်မတီက ဒေါ်စန္ဒာမင်းအပါအဝင် ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင် ၃ ဦးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်တွင် ပါတီဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်ခဲ့သည်။
https://www.facebook.com/narinjara.info/posts/712159187617880