By Narinjara / 2023 September 23
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းနှင့် YUNNAN AID တို့က ပူးပေါင်းပြီး အမျိုးသမီးများအတွက် အိမ်တွင်း အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ် ဖြစ်သည့် အခမဲ့စက်ချုပ်သင်တန်းတစ်ခုကို ယမန်နေ့ စတင်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်း အမှတ်စဉ်(၈)ကို တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းက တောင်ကုတ်မြို့နယ်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း သိရသည်။
စက်ချုပ်သင်တန်းနည်းပြဆရာမ ဒေါ်နီနီမြင့်က “အရင်ကဆိုရင်တော့ သင်တန်းက မြို့ပေါ်မှာ ဖွင့်တာများပါတယ်။ အခုက နယ်ဘက်ကျေးရွာတွေမှာဖွင့်တော့ ကျေးလက်ဒေသက အမျိုးသမီးငယ်တွေ အတွက်လည်း အိမ်နေရင်း ဝင်ငွေရှာနိုင်တဲ့အတတ်ပညာကို သင်ယူနိုင်သွားတာပေါ့” ဟု နိရဥ္စရာသို့ပြောသည်။
အဆိုပါသင်တန်းမှာ ၃ လကြာသင်တန်းဖြစ်ပြီး ကုလားရောင်ကျေးရွာမှ သင်တန်းသူ ၁၅ ဦးခန့်ကို လက်ခံသင်ကြားပေးနေကြောင်း သိရသည်။
ယခုကဲ့သို့ စက်ချုပ်သင်တန်းပေးခြင်းကြောင့် စက်ချုပ်ဝါသနာပါသည့် ကျေးလက်ဒေသနေ အမျိုးသမီးငယ်များအတွက် မိမိဝါသနာပါရာပညာရပ်ကိုသင်ယူလေ့ကျင့်ခွင့်ရရှိ၍ ဘဝရပ်တည်ရေးအတွက်လည်း အထောက်အကူဖြစ်သည့်အတွက် အထူးဝမ်းသာမိကြောင်း ကုလားရောင်ကျေးရွာမှ အမျိုးသမီးငယ် မယုယုစံက ပြောသည်။
“သမီးတို့ရွာမှာ အခုလိုစက်ချုပ်သင်တန်းလာပေးတာ အရမ်းဝမ်းသာပါတယ်။ သမီးတို့က ဒီစက်ချုပ်တဲ့ပညာကို အရမ်းတတ်ချင်ကြတာ။ အခု ၃ လသင်ပြီးနောက်မှာလည်း နောက်ထပ်ဆက်ပြီး သင်ခွင့်ရချင်ပါသေးတယ်” ဟု ပြောသည်။
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကပင်စ၍ တောင်ကုတ်မြို့ပေါ်တွင် အခမဲ့ စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားပေးလာခြင်းဖြစ်ပြီး ယခုအကြိမ်တွင် ကျေးလက်ရွာအချို့သို့ စတင်သင်တန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းအနေဖြင့် ရခိုင်ပြည်မှ အလုပ်လက်မဲ့ အမျိုးသမီးငယ်များ အနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဝင်ငွေရရှိနိုင်ရေးအတွက် ရည်ရွယ်ကာ စက်ချုပ်သင်တန်းများကို ၂၀၁၇ ခုနှစ်မှ စတင်၍ မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကို တည်ထောင်သူလည်းဖြစ်၊ သမားတော်ကြီးတစ်ဦးလည်းဖြစ်သည့် ဒေါက်တာစောမြအောင်ကို ဂုဏ်ပြုသောအနေဖြင့် ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/709647104535755