“တောင်ကုတ်မြို့မှ စုပေါင်းအလှူရှင်များအဖွဲ့က ကျပ်သိန်း ၂၀ ခန့်ရှိ ဆန်နှင့်အခြေခံစားသောက်ကုန် တချို့ ယမန်နေ့က သွားရောက်လှူဒါန်း”
By Narinjara / 2023 September 11

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာတွင် ဒီရေလှိုင်းရိုက်ခတ်၍ ကမ်းပါးပြိုကျမှုကြောင့် ဖြိုဖျက်လိုက်ရသည့် နေအိမ် ၅ဝ ကျော်အတွက် မြေနေရာအသစ်စီစဉ်ပေးမှု မရှိသေးသဖြင့် နေထိုင်ရေး အထူးအခက်အခဲဖြစ်နေကြရသည်ဟု ကျေးရွာသားများက ပြောသည်။
ရွာသားများအနေဖြင့် မြေနေရာသစ်ချပေးရန် လက်မှတ်ရေးထိုး၍ လွန်ခဲ့သည့် တစ်လကျော်ကတည်းက တောင်းဆိုထားသော်လည်း စစ်ကောင်စီ မြို့နယ် တာဝန်ရှိသူများက လက်ရှိ အချိန်ထိ နေရာချထားပေးမှုမရှိသေးကြောင်း ၎င်းတို့က ပြောသည်။
ကုလားရောင်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နှင့် ၂ ရက်အတွင်း မိုးသက်လေပြင်း ကျရောက်စဉ် ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုကျရာမှ နေအိမ် ၃၀ ပျက်စီးသွားခဲ့ပြီး အန္တရာယ်ရှိသဖြင့် မြစ်ကမ်းနားရှိ နောက်ထပ် နေအိမ် ၂၇ လုံးခန့်ကို အရေးပေါ်ဖြိုဖျက်ခဲ့ရသည်ဟု သိရသည်။
နေအိမ်ဖြိုဖျက်လိုက်ရသည့်မိသားစုများအနေဖြင့် နေအိမ်ပြန်လည်တည်ဆောက်ရန် မြေနေရာအသစ်စီစဉ်ပေးဖို့ ရွာသားများက စုပေါင်းလက်မှတ်ရေးထိုးကာ ခရိုင်နှင့်မြို့နယ်ထွေအုပ်၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဦးစီးဌာနတို့ထံ တင်ပြထားသော်လည်း တစ်လကျော်ကြာသည်အထိ ထူးခြားမှုမရှိသေးကြောင်း ကုလားရောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က နိရဥ္စရာသို့ ပြောသည်။
“အိမ်တွေဖြိုဖျက်ပြောင်းရွှေ့လိုက်ရတဲ့ ရက်ပိုင်းမှာပဲ ရွာသားတွေ အိမ်ပိုင်ရှင်ရွာသားတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး တောင်းဆိုထားပါတယ်။ မြေနေရာအသစ်စီစဉ်ပေးဖို့အတွက်ပေါ့။ အခုထိတော့ ဘာမှထူးခြားမှုမရှိသေးပါဘူး” ဟု ပြောသည်။
မြေနေရာအသစ်အား ကုလားရောင်ကျွန်းရှိ ခေါင်းလောင်းတူကျေးရွာအနီးတွင် စီစဉ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်ဟုဆိုသည်။
ရေလှိုင်းရိုက်ခတ်၍ ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များဖြိုဖျက်လိုက်ရသည့်အတွက် အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၂၀၀ ကျော်ခန့်မှာ နီးစပ်ရာဆွေမျိုးသားချင်း နေအိမ်များသို့ အရေးပေါ်ပြောင်းရွှေ့ ခိုလှုံခဲ့ကြရကြောင်း ကျေးရွာသားများက ပြောသည်။
လက်ရှိတွင် အဆိုပါအိမ်ထောင်စုများမှာ နေရေးထိုင်ရေးအထူးခက်ခဲနေသည့်အတွက် ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့လယ်ပိုင်းတွင် တောင်ကုတ်မြို့မှ စုပေါင်းအလှူရှင်များအဖွဲ့က ကျပ်သိန်း ၂၀ ခန့်ရှိ ဆန်နှင့်အခြေခံစားသောက်ကုန်တချို့ သွားရောက်လှူဒါန်းခဲ့ကြောင်း တောင်ကုတ်မြို့ခံ ဦးဇော်ဇော်က နိရဥ္စရာသို့ပြောသည်။
“သူတို့အနေနဲ့ နေရေးထိုင်ရေးအဓိကအခက်အခဲရှိနေကြတယ်။ နီးစပ်ရာဆွေမျိုးတွေအိမ်တွေမှာ ခိုလှုံနေကြရတယ်။ ရေရှည်အတွက်ဆိုတော့ အဆင်ပြေမှာမဟုတ်ဘူး” ဟု ပြောသည်။
အဆိုပါအိမ်ထောင်စုများအတွက် ဆန် ၁၂ ပြည်အိတ် ၄၃ အိတ်၊ ကြက်သွန်နီပိဿာ ၄၀၊ ငရုတ်သီးခြောက် ၄ ပိဿာနှင့် တခြားအခြေခံစားသောက်ကုန်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ကုလားရောင်ရွာတွင် အိမ်ခြေစုစုပေါင်း ၂၉၂ ဆောင်ရှိပြီး နှစ်စဉ် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးမြေပြိုကာ ကျေးရွာမြေနေရာများ ပျောက်ကွယ်လာကာ နေအိမ်များပျက်စီးမှုလည်း ရှိနေကြောင်း သိရသည်။ (NN-23)
https://www.facebook.com/narinjara.info/posts/702731925227273