တောင်ကုတ်မြို့နယ် ရေပေါ်ကြီးကျေးရွာတွင် အလုပ်သမားတန်းလျားကို စာသင်ကျောင်းအဖြစ် သုံးနေရ

By DMG / 2023 September        20

ပုံစာ – ရေပေါ်ကြီးကျေးရွာ စာသင်ကျောင်းအား စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းအုပ်စု၊ ရေပေါ်ကြီးကျေးရွာတွင် အလုပ်သမား တန်းလျားကို စာသင်ကျောင်းဆောင်အဖြစ် အသုံးပြုနေရပြီး လက်ရှိတွင် အဆိုပါ ကျောင်းဆောင်မှာလည်း ယိုယွင်းပျက်စီးလာသဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် လိုလားနေကြသည်။

ရေပေါ်ကြီးကျေးရွာတွင် ၂၀၁၄ ခုနှစ်မှစ၍ အခြေခံပညာ မူလတန်းကျောင်း သတ်မှတ်ပေးခဲ့သော်လည်း စာသင်ကျောင်းဆောက်လုပ်ပေးခြင်း မရှိသဖြင့် အလုပ်သမားတန်းလျားကိုသာ စာသင်ကျောင်းအဖြစ် လက်ရှိအချိန်ထိ အသုံးပြုနေရသည်။ အဆိုပါ အလုပ်သမားတန်းလျားမှာ ပတောင်း-တောင်ကုတ် ကားလမ်းကို ပြုပြင်ခဲ့သည့် အလုပ်သမားများ နေထိုင်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ကတော့ ကျောင်းအသစ်ဆောက်ပေးဖို့ အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ပူးပေါင်းပြီး ပညာရေးမှူးဆီ နှစ်စဉ်တင်ပြပေမယ့် ဆောက်လုပ်ပေးတာ မရှိဘူး။ ပညာရေးမှူးဘက်က ဘတ်ဂျတ်မပါသေးဘူးလို့ပဲ ပြောတယ်” ဟု ရေပေါ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

ရေပေါ်ကြီးကျေးရွာ စာသင်ကျောင်းတွင် KG တန်းမှ ပဥ္စမတန်းအထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၅ ဦးနှင့် ဆရာ၊ ဆရာမ ၅ ဦးရှိကြောင်း သိရသည်။

ယခုစာသင်ကျောင်းအဖြစ် အသုံးပြုနေသည့် အလုပ်သမားတန်းလျားမှာလည်း နှစ်ကာလ ကြာမြင့်လာသဖြင့် ခေါင်မိုးနှင့် အကာအရံများ ပျက်စီးနေပြီဖြစ်ကာ ကျောင်းဆောင်မှာ တစ်ဖက်နိမ့်၊ တစ်ဖက်မြင့်ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

“ကျောင်းက ဆွေးနေပြီဆိုတော့ လေတိုက်လာရင် ကျောင်းပြိုမလားဆိုပြီး စိုးရိမ်နေရတယ်။ ကျောင်းအမိုးကလည်း မလုံတော့ မိုးရွာရင်လည်း ကလေးတွေနေမကောင်းဖြစ်မှာ စိုးရိမ်ရတယ်” ဟု ရေပေါ်ကြီးကျေးရွာမှ ကျောင်းသားမိဘ ဒေါ်နွယ်ရီကပြောသည်။

လက်ရှိ ပေါက်ပြဲနေသည့် စာသင်ကျောင်း ခေါင်မိုးနှင့် အကာအရံများကို တာပေါ်လိတ်စနှင့် သွပ်ပြားဟောင်းများဖြင့် ဖာထေးပြုပြင်ကာ စာသင်ကြားနေရကြောင်း သိရသည်။

“လေပြင်းတိုက်ပြီး မိုးရွာရင် ဟိုကယို၊ သည်ကယိုတဲ့အတွက် ဆရာမတွေနဲ့ ကလေးတွေ တစ်နေရာမှာစုပြီး နေရတယ်။ မိုးကြီးတဲ့နေ့တွေဆိုရင် မိဘတွေကစိုးရိမ်လို့ ကလေးတွေကို ကျောင်းတက်မခိုင်းကြဘူး” ဟု ရေပေါ်ကြီး ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်ခိုင်က ပြောသည်။

စာသင်ကျောင်းဆောင် ဟောင်းနွမ်းကာ အန္တရာယ်ရှိလာနေသဖြင့် လာမည့်နှစ် ပညာသင်ကြားရန်အတွက် အဆင်မပြေတော့၍ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် ကျေးရွာသားများက တောင်းဆိုကြသည်။

ရေပေါ်ကြီးကျေးရွာ စာသင်ကျောင်းနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးထွန်းတင်ထံ DMG မှ ဆက်သွယ်မေးမြန်းရာတွင် “ကျောင်းကတော့ စာပြဖို့ မဆင်မပြေတော့ဘူးလို့ သိရတယ်။ အစိုးရကို တင်ပြထားတယ်၊ အကြောင်းပြန်တာတော့ မရှိသေးဘူး” ဟု ပြောသည်။

ရေပေါ်ကြီးကျေးရွာသည် ပတောင်း-တောင်ကုတ် ကားလမ်းအနီးတွင်တည်ရှိပြီး အိမ်ခြေ ၅၀ ကျော်နှင့် လူဦးရေ ၂၀၀ ကျော်ရှိသည့်် ကျေးရွာတစ်ရွာဖြစ်သည်။

#I012 #DMG

https://www.facebook.com/dmgnewsagency/posts/701102638730002

Leave a Reply

Your email address will not be published.