By Western News / 2023 September 21
ရခိုင်ပြည် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်ဒေသခံ ဦးစံသိန်းအောင် အသတ်ခံရမှုနှင့် ပတ်သက်ပြီး တရားခံတစ်ဦးအား ဖမ်းမိထားသော်လည်း စစ်ဆေးအရေးယူမှုကို တစ်စုံတစ်ရာ မသိရသေး၍ ပွင့်လင်းမြင်သာမှုရှိစေရန် ကျန်ရစ်သူမိသားစုဝင်များက တောင်းဆိုနေကြသည်။
အသက် ၄၅ နှစ်အရွယ် ဦးစံသိန်းအောင်မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညအချိန်တွင် သူလုပ်ကိုင်နေသည့် မီးချောင်းထိုးကျေးရွာအနီး မွေးမြူရေးခြံမှ နေအိမ်သို့ အပြန်လမ်းတွင် သတ်ဖြတ်ခံခဲ့ရခြင်းပြီး အလောင်းအား စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပြီး နောက်တစ်နေ့ ဩဂုတ်လ ၁ ရက်နေ့တွင် အသတ်ခံရသူ၏ ဖုန်းကို မြို့ထဲက ဖုန်းဆိုင်တစ်ခုတွင် Lock လာဖြေစဉ် တရားခံတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော်လည်း အဆိုပါ တရားခံမှာ မြန်မာစစ်တပ်မှ တပ်သားတစ်ဦးဖြစ်နေ၍ ယင်းနေ့မှာပင် စစ်တပ်က လာရောက်ခေါ်ယူသွားသည်။
ဦးစံသိန်းအောင် အသတ်ခံရမှုမှာ ၁ လနှင့် ရက် ၂၂ ရက် ကြာမြင့်လာသော်လည်း မြန်မာစစ်တပ်အတွင်း တရားခံအား မည်သို့မည်ပုံ စစ်ဆေးအရေးယူထားသည်ကို မသိရကြောင်း ၎င်း၏ ဇနီး ဒေါ်ချိုချိုသက်က ပြောသည်။
“စစ်တပ်ဘက်ကလည်း ဘာတစ်ခုမှ မပြောဘူး။ ရဲဘက်ကလည်း ဘာတစ်ခုမှ မပြောဘူး။ အမျိုးသားရဲ့ ဆိုင်ကယ်နံပါတ်၊ တန်ဖိုး၊ ဖုန်းရဲ့ တန်ဖိုးတွေ မေးလို့ စခန်းမှူးက ပေးလိုက်တယ်။ တရားခံကို ဘယ်လို အရေးယူထားတယ်။ ဘယ်နှစ်ယောက် ဖမ်းမိထားတယ်။ ဘယ်မှာ စစ်ဆေးနေကြတယ်ဆိုတာကို ဘာတစ်ခုမှကို မသိရတာ။ ကျမတို့ကို အလေးမထား ပြုမူဆက်ဆံတာကို အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ကျမတို့မှာ လူ့အသက်တစ်ချောင်းတောင် ပေးလိုက်ရပြီ။ တရားခံကို ဘယ်လို အပြစ်ပေးထားတယ်ဆိုတာကိုတောင် သိခွင့်မရှိဘူး။ အရမ်းခံစားရပါတယ်။ ပွင့်လင်းမြင်သာမှုအောင် ဆောင်ရွက်ပေးကြဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
ဖမ်းမိသည့် တရားခံမှာ တောင်ကုတ်မြို့ရှိ ခမရ ၃၄၆ တပ်ရင်းက ဝင်းထွန်းလွင်ဆိုသူဖြစ်ပြီး မြန်မာစစ်တပ်မှ ပြန်လည်ခေါ်ယူသွားသည့်အတွက် မိသားစုဝင်များနှင့် တောင်ကုတ်ဒေသခံများမှာ အမှုပျောက်သွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
တရားခံ ဝင်းထွန်းလွင်ကို တပ်ဘက်က စစ်ဆေးနေပြီး ပြစ်ဒဏ်ပေးမှု ရှိမရှိကို အတိအကျ မသိရသေးကြောင်း တောင်ကုတ်စခန်းမှူးက ပြောသည်။
“တပ်ဘက်မှာ စစ်ဆေးနေတယ်လို့ပဲ သိရပါတယ်။ အရေးယူလိုက်ပြီလား ဆိုတာ ကျနော်တို့လည်း မသိသေးဘူး။ နှစ်ပိုင်းရှိပါတယ်။ တပ်မတော်ဥပဒေနဲ့ အရေးယူရင်တော့ ကျနော်တို့ဆီ မလွှဲတော့ဘဲ တခါတည်း ပြစ်ဒဏ်ပေးလိုက်မှာပါ။ စစ်စည်းကမ်းအရ အရေးယူတယ်ဆိုရင်တော့ ကျနော်တို့ ရဲတပ်ဖွဲ့ကို ပြန်လွှဲပေးမှာပါ။ အဲခါကျမှ ကျနော်တို့က တရားရုံးမှာ အပြစ်ပေးရမှာပါ။ ဒီလိုဖြစ်စဉ်တွေက တပ်ဘက်မှာ ၃ လလောက်ကြာတတ်ပါတယ်” ဟု ပြောသည်။
မြန်မာစစ်တပ်က တရားခံ ဝင်းထွန်းလွင်ကို စစ်ဆေးနေခြင်းနှင့် အရေးယူခြင်းတို့မှာ ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်သလို ကျန်ရစ်သူမိသားဝင်နှင့် ရဲတပ်ဖွဲ့ဘက်သို့ အကြောင်းကြားသင့်ကြောင်း ဒေသခံများက ပြောသည်။
တရားခံဝင်းထွန်းလွင်ကိုတော့ တောင်ကုတ်မြို့ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နှင့် အမှုဖွင့်လှစ်ထားကြောင်းနှင့် နောက်ထပ် ဆက်စပ်တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းလည်း သိရသည်။
ဦးစံသိန်းအောင် အသတ်ခံရစဉ်က အလောင်းဘေးတွင် ဦးစံသိန်းအောင်၏ ဖိနပ်မဟုတ်သော ဖိနပ်နှစ်ရံကို တွေ့ရပြီး လူသတ်တရားခံမှာ တစ်ဦးတည်းမဟုတ်ဘဲ နှစ်ဦးထက်ပိုနိုင်ကြောင်း မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့က ယုံကြည်နေကြသည်။
အလောင်း ရင်ခွဲစစ်ဆေးချက်အရ ထိုးသွင်းဒဏ်ရာမှာ များပြားပြီး လက်နက်တစ်ခုတည်းမဟုတ်ဘဲ လက်နက်အများအပြားဖြင့် အသတ်ခံခဲ့ရကြောင်း ဦးစံသိန်းအောင်၏ ဇနီး ဒေါ်ချိုချိုသက်က ဆက်လက်ပြောသည်။
“ရင်ခွဲစစ်ဆေးချက်ကို ကျမ အသိကနေတစ်ဆင့် စုံစမ်းကြည့်တော့ ထိုးသွင်းဒဏ်ရာက လက်နက်တစ်ခုတည်းမဟုတ်ဘူး။ လက်နက်တွေအများကြီးနဲ့ အသတ်ခံထားရတာကို သိရတယ်။ လူတစ်ယောက်တည်းက သတ်တာမဟုတ်ဘဲ လူနှစ်ယောက် သုံးယောက်လောက်က သတ်တာဖြစ်နိုင်တယ်။ အမှုန်မှန်ကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ ဘယ်သူပဲ ဖြစ်နေနေ တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူဖို့လိုပါတယ်”ဟု ပြောသည်။
ဦးစံသိန်းအောင်သည် ရိုးရိုးသားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်နေသူဖြစ်ပြီး အခြားသူများနှင့် ရန်ငြိုးရန်စများမရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အစပ်မရှိကြောင်း ဇနီးဖြစ်သူ ဒေါ်ချိုချိုသက်က ဆိုသည်။
တောင်ကုတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက မြို့တော်ခန်းမဘေးက ရွှေပွင့်အိမ်ရွှေဆိုင် သေနတ်အတုဖြင့် လုယက်ခံရမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ရွှေလုယက်မှုမှာ တရားတစ်ဦးအား ဖမ်းမိထားပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေသေးကြောင်းနှင့် တရားခံအား ဖမ်းဆီးရမိရေးအတွက် တောင်ကုတ်ရဲစခန်းမှ ကွင်းဆက်များအားလုံးကို ချိတ်ထားပြီး စုံစမ်းနေကြောင်း တောင်ကုတ်မြို့မရဲစခန်းမှူးက ဆိုသည်။
တောင်ကုတ်မြို့နယ်အတွင်း ယခင်ကလည်း ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ ဖြစ်ပွားလေ့ရှိပြီး၊ ယခု ရက်ပိုင်းအတွင်းလည်း လုယက်မှု၊ လူသတ်မှုများ ဖြစ်ပွားလာခြင်းသည် ဆင်းရဲမွေးတေမှုကို အကြောင်းပြု၍ ကြံရာမရ ကြံရာကနေ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းဖြစ်ကြောင်း စခန်းမှူးက သုံးသပ်ပြောဆိုထားသည်။
https://www.facebook.com/westernnewsagency/posts/749074033898692