တရုတ်နိုင်ငံသို့ဝင်ရောက်ရန် နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေသော ရခိုင်ကလူဦးရေ ထောင်နှင့်ချီရှိ

By DMG / 2023 September        18

ပုံစာ – မူဆယ်မြို့ မန့်ဝိန်းနယ်စပ်ဂိတ်ပေါက်အနီးတွင် TBP ကဒ်ပြား လာလျှောက်သူများကို ယခုလ ဒုတိယအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ – Zai Lao Khay/ Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ် – မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဂိတ်ကို ပြန်ဖွင့်ပြီးနောက် တရုတ်နိုင်ငံသို့ ဝင်ခွင့်ရရှိရန်အတွက် နယ်စပ်ဂိတ်တွင်စောင့်ဆိုင်းနေသည့် ရခိုင်က လူဦးရေထောင်နှင့်ချီရှိကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း(မူဆယ်)ထံမှ သိရသည်။

၎င်းတို့မှာ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေကြခြင်းဖြစ်ပြီး တချို့မှာ နယ်စပ်ဖြတ်သန်းခွင့် မရသေးသဖြင့် အခက်ကြုံတွေ့နေရကြောင်း  ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

 “ဒီမြို့က ရခိုင်လူမျိုးတွေရဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ဆိုင်တွေမှာ လက်ခံထားတာတောင် ထောင်ကျော်တဲ့အထိရှိမယ်။ တည်းခိုခန်းတွေနဲ့ အခြားနေရာတွေမှာလည်း အများကြီး။ တချို့က ရက်ပေါင်းဆယ်ရက်လောက်အထိ စောင့်နေရတာဆိုတော့ ပိုက်ဆံတွေလည်း မရှိကြတော့ဘူး။ လမ်းဘေးပလက်ဖောင်းတွေမှာ အိပ်နေရတဲ့လူတွေလည်း အများကြီးပါပဲ” ဟု ၎င်းကပြောသည်။

တရုတ် – မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်တို့ကို ကိုဗစ်ကာလထိန်းချုပ်ကာကွယ်ရေးအတွက် ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့တွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

အဆိုပါဂိတ်များတွင် TBP (ခေါ်) ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့် ကဒ်ပြားများကို ငွေကျပ် ၂,၀၀၀ ဖြင့် ပြုလုပ်ပေးလျက်ရှိပြီး နေ့စဉ် မြန်မာဘက်ခြမ်းမှ လူဦးရေတစ်ထောင်ကျော်ကို ကဒ်ပြားထုတ်ပေးနေကြောင်း သိရသည်။

နယ်စပ်ဖြတ်သန်းသွားလာခွင့်ရရှိရန်အတွက် မြန်မာနိုင်ငံမှ သိန်းနှင့်ချီသောလူဦးရေမှာ မူဆယ်မြို့သို့ ရောက်ရှိနေသဖြင့် ယာယီနယ်စပ်ဖြတ်ကျော်ကဒ်ရရှိရန် အနည်း ၅ ရက်ထက်မနည်း စောင့်ဆိုင်းရ၍ နေထိုင်စားသောက်ရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

တချို့မှာလည်း ယာယီနယ်စပ်ဖြတ်ခွင့်ကဒ်ပြားရရှိရန် ပွဲစားများနှင့်ချိတ်ဆက်ကာ ငွေကျပ် နှစ်သိန်းမှ ငါးသိန်းအထိပေးကာ ပြုလုပ်နေကြပြီး၊ ယင်းသို့ပြုလုပ်ရာမှာလည်း လိမ်ခံရသူအများအပြားရှိနေကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူထံမှ သိရသည်။ 

“လွယ်လွယ်ရမယ်အထင်နဲ့ ခရီးစရိတ်နည်းနည်းနဲ့ လာတဲ့လူတွေကတော့ လုံးဝကို အခက်အခဲ ဖြစ်သွားတာပေါ့။ အဲဒီလိုအခက်အခဲတွေကြောင့် တရုတ်နိုင်ငံကို မရောက်နိုင်ခဲ့ဘဲ ပြန်သွားကြတဲ့ လူတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကိုယ့်ရခိုင်လူမျိုးတွေအနေနဲ့ သေချာစုံစမ်းလေ့လာပြီးမှ လာရောက်ကြဖို့ အကြံပေးလိုပါတယ်” ဟု ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း (မူဆယ်)၏ သာရေးနာရေးတာဝန်ခံ ဦးထွန်းအောင်ကျော်က ပြောသည်။

သို့သော်လည်း ဒေသတွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် တရုတ်နိုင်ငံတွင် အလုပ်တစ်ခုရရှိရန်အတွက် ရခိုင်ပြည်မှ မူဆယ်မြို့သို့လာရောက်သူ နေ့စဉ်ရှိနေသည်။ 

“တရုတ်နိုင်ငံကို ရောက်သွားဖို့က အဓိက။ ရောက်ပြီးသွားရင်တော့ မီးစင်ကြည့်ပြီးကရမှာပဲ။ အနည်းဆုံး အဲဒီကဒ်နဲ့ တစ်ပတ်မှာခြောက်ရက်လောက် အလုပ်ရရင်လည်း ကိုယ့်နေရာမှာထက်တော့ သာမှာပဲ။ ကိုယ့်ဆီမှာ အလုပ်မှမရှိတာ။ ဘယ်လိုအခက်အခဲပဲရှိရှိ ရောက်အောင်သွားဖို့တော့ ဆုံးဖြတ်ထားတယ်” ဟု နယ်စပ်ဖြတ်ကျော်ရန် မူဆယ်မြို့သို့ရောက်ရှိနေသည့် ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မိမိဒေသကိုစွန့်ခွာကာ ပြည်ပသို့ ထွက်သူဦးရေ လစဉ်တိုးလာနေပြီး ယင်းအထဲမှာ အမျိုးသမီးများလည်း ပါဝင်လျက်ရှိသည်။ ရခိုင်ဒေသခံများမှာ အများအားဖြင့် မလေးရှား၊ ထိုင်းနှင့်တရုတ်နိုင်ငံများသို့ အဓိကသွားကြပြီး အများစုမှာ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် သွားလာနေကြကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

#I008 #DMG

https://www.facebook.com/dmgnewsagency/posts/699941128846153

Leave a Reply

Your email address will not be published.