ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်က မြို့နယ် ၆ ခုမှာ စာသင်ကျောင်းများပိတ်

By Western News / 2023 September     9

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ၈၄ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်က မြို့နယ် ၆ ခုမှာ အခြေခံပညာစာသင်ကျောင်းအချို့ ပိတ်သည်ဟု စုံစမ်းသိရသည်။

ကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများ သဘောတူညီမှုအရ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ မာန်အောင်၊ မောင်တောနှင့် မြေပုံမြို့နယ်တို့တွင် စာသင်ကျောင်းအချို့ ပိတ်ထားသည်ဟု သိရသည်။

မာန်အောင်မြို့နယ်မှ ကျောင်းအုပ်ဆရာတစ်ဦးက “ဆရာတော်ဟာ ကျနော်တို့ ရခိုင်လူမျိုးတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်ပါ။ ဆရာတော်ဟာ ရခိုင်လူမျိုးတွေအတွက်သာ မက မြန်မာလူမျိုးအားလုံးအတွက် အာဇာနည်တစ်ဦးပါ။ အစိုးရက တရားဝင် မပိတ်ပေမယ့် ကျောင်းမှာ ဆရာ၊ ဆရာမတွေရဲ့ သဘောတူညီမှုနဲ့ ပိတ်ထားပါတယ်။ ဒီနေ့ ပိတ်ထားတဲ့အတွက် ရှေ့မှာ အစားထိုး ကျောင်းဖွင့်ခဲ့ပါတယ်။ ဆရာတော်ကို ကြည်ညိုလေးစားပြီး အာဇာနည်တစ်ဦးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပိတ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

လုံခြုံရေးအခြေအနေအရ စာသင်ကျောင်းများ၏ အမည်များကို ဖော်ပြခြင်းမပြုလိုကြောင်း ကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများက ပြောကြသည်။

မြောက်ဦးမြို့နယ်က ကျောင်းသားတစ်ဦးက “ဆရာတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကျနော်တို့လို မျိုးဆက်သစ် လူငယ်တွေ၊ ကျောင်းသားတွေအတွက် အတုယူရတဲ့ အာဇာနည်တစ်ပါးပါ။ ဆရာတော်ဟာ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ လက်အောက်ကနေ ကျွန်ဘဝက လွတ်မြောက်ဖို့ အသက်ကိုတောင် မမူဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်တွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ ပထမဆုံး ပြောခဲ့တာလည်း ဆရာတော်ပါ။ ဒါက ဆရာတော်ရဲ့ ရဲရင့်သတ္တိကို ပြသတာဖြစ်တယ်။ ကျနော်တို့လို မျိုးဆက်သစ်လူငယ်တွေလည်း ဆရာတော်လိုမျိုး မျိုးချစ်စိတ်ဓါတ်ကို လက်ကိုင်ထားပြီး ရခိုင်ပြည်ရဲ့ လွတ်မြောက်မှုကို ကြိုးပမ်းသင့်တယ်” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသားများက ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်ကို တောင်းဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ဆရာတော်နေ့အား တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်းမရှိသေးပေ။

ယင်းအပြင် ယခင်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်များ၌ ဆရာတော် ဦးဥတ္တမ အတ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားခဲ့သော်လည်း ယနေ့ပြဋ္ဌာန်း စာအုပ်မှာ ဆရာတော်နှင့်ပတ်သက်သော ကဗျာ၊ ဆောင်းပါး၊ အတ္ထုပ္ပတ္တိများ မပါရှိတော့သည့်အတွက် ရခိုင်တိုင်းရင်းသားများနှင့် ဆရာတော်အား ချစ်ခင်လေးစားသောသူများမှာ ရင်ထဲ၌ စိတ်မကောင်းဖြစ်နေကြသည်။

မြန်မာနိုင်ငံ သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့စဉ် “သူ့ကျွန်မခံလိုပြီ” ဟူသော ဇာတိသွေး၊ ဇာတိမာန် ထက်သန်သော အမျိုးဂုဏ်ဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် ပထမဦးစွာ ပြည်သူလူထုတစ်ရပ်လုံးအား နိုင်ငံရေးမျိုးစေ့ကို ချပေးခဲ့သောပုဂ္ဂိုလ်မှာ “ဝံသာနု ရက္ခိတ ဆရာတော်ဦးဥတ္တမ” ဖြစ်သည်။

မြန်မာပြည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် ရှေ့ဆောင်လမ်းပြခဲ့သည့် ဆရာတော်၏ကြီးမားသော ကျေးဇူးဂုဏ်ကို အစဉ်သတိရ ရိုသေလေးစားသောအားဖြင့် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည်အပါအဝင် ပြည်တွင်းပြည်ပများတွင် စက်တင်ဘာလ ၉ ရက်နေ့ ရောက်တိုင်း လွမ်းသူ့ပန်းခွေများဖြင့် အခမ်းအနားပွဲကျင်းပကြသည်။

ရခိုင်ပြည်တွင် ယခင်နှစ်များက ဆရာတော်နေ့ကို စည်စည်ကားကား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံရေးခြေအနေများကြောင့် မြို့နယ်အချို့တွင် ကျင်းပခဲ့ခြင်းမရှိကြောင်းနှင့် ကျင်းပခဲ့သော မြို့နယ်များတွင်လည်း အကျဉ်းချုံ့သာ ကျင်းပခဲ့ကြသည်။

ဆရာတော် ဦးဥတ္တမမှာ စစ်တွေမြို့တွင်မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး တော်လှန်တရားများကို နိုင်ငံအနှံ့လှည့်လည် ဟောပြောရာတွင် အင်္ဂလိပ်အစိုးရ၏ဖမ်းဆီးထောင်ချခြင်းကို ၃ ကြိမ်တိတိခံခဲ့ရကာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အသက် ၅၉ နှစ်အရွယ်တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/741865311286231

Leave a Reply

Your email address will not be published.