ဆန်သိုလှောင်ခွင့် မှတ်ပုံတင်လိုင်စင်ကို ယခုလအတွင်း ထုတ်ပေးသွားမည်

By DMG / 2023 September        5

ပုံစာ – စစ်တွေမြို့ ဆန်အရောင်းဆိုင်တစ်ဆိုင်အား ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တွေ့ရစဉ်။

ပြည်တွင်း ဆန်စပါးဈေးနှုန်း ထိန်းချုပ်နိုင်ရန်အတွက် ဆန်သိုလှောင်သူများ မှတ်ပုံတင်လိုင်စင် ထုတ်ပေးခြင်းကို ယခုလ တတိယအပတ်အတွင်း စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ဆန်စပါးသိုလှောင်ခြင်းကို နည်းမှန်လမ်းမှန် ထိန်းကျောင်းနိုင်ရေးနှင့် ဈေးကစားလိုသည့်သဘောဖြင့် သိုလှောင်မှုမဖြစ်စေရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆန်စပါးအသင်းချုပ် တာဝန်ရှိသူက ပြောသည်။

“ဒီလ လယ်လောက် စဖြစ်မှာပါ။ အွန်လိုင်းကနေပဲ မှတ်ပုံတင်ရမှာပါ။ အချက်လက်ပြည်စုံရင် မှတ်ပုံတင်ထုတ် ပေးသွားမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးများ အဆမတန်မြင့်တက်လာမှုကို ထိန်းချူပ်ရန်အတွက် တရားဝင်မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ထုတ်ပြန်ပြီးနောက် (၅)လ အကြာတွင် စတင်အကောင်အထည်ဖော်ခြင်းဖြစ်သည်။

စစ်ကောင်စီ ကြေငြာချက်အရ ဆန်စပါး ရောင်းဝယ်လုပ်ကိုင်သူများအနေဖြင့် ဆန်အိတ် ၁,၀၀၀ နှင့် စပါးတင်း ၅,၀၀၀ အထက် သိုလှောင်ပါက မှတ်ပုံတင်ရမည်လည်းဖြစ်သည်။

ဆန်ဈေးနှုန်းမြင့်တက်ခြင်းမှာ မသမာသူတို့၏ ဈေးကစားမှုကြောင့်ဖြစ်သည်ဟု စစ်ကောင်စီက ပြောဆိုထားပြီး ထိုအချက်အပေါ် လုပ်ငန်းရှင်များက ငြင်းဆိုထားကြသည်။

“ဈေးကွက်က သူ့သဘော သူဆောင်နေတာ ထိန်းချူပ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဆန်ဈေးတစ်ခုတည်း တက် နေတာမဟုတ်တော့လေ။ ဒါပေမယ့် အစိုးရ(စစ်ကောင်စီ)အနေနဲ့ ကတော့ ဆန်ဈေးတက်လာရင် မတည်မငြိမ်ဖြစ်လာရင် ဘာနည်းလမ်းကောင်းနဲ့ ထိန်းရမလဲတာဝန်က သူ့တာဝန်ကို လုပ်မှာပဲ။” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

တောင်သူနှင့် ကုန်သည်ဈေးကွက်တွင် ဆန်စပါး တင်း ၁,၀၀၀ နှင့် ၅,၀၀၀ အထက် ဆန်သိုလှောင်နိုင်ခြင်း မရှိဘဲ ထိုပမာဏအထက် သိုလှောင်သူများမှာ ပြည်ပသို့ဆန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းများသာဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များက ပြောဆိုထားကြသည်။

ပြည်တွင်း အဓိကစားသုံးဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ပေါ်ဆန်းအုပ်စုများ ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်းစသော ဆန်များကို ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချခြင်းဖြစ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချခြင်းမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ်က တုန့်ပြန့်ထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုအကျိုးဆက်အဖြစ် ဆန်အပါအဝင် ပြည်တွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းအဆမတန်မြင့်တက်နေပြီး ထိုအရာများကို ထိန်းချုပ်ရန် စစ်ကောင်စီက နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းနေသော်လည်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

#I004 #DMG

https://www.facebook.com/dmgnewsagency/posts/692498719590394

Leave a Reply

Your email address will not be published.