By DMG / 2023 September 22

ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် အခြေခံပညာစာသင်ကျောင်းများအနီး ဆေးလိပ်အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များတွင် ဆေးလိပ်ရောင်းချမှုများရှိနေခြင်းကို အာဏာပိုင်များအနေဖြင့် တားမြစ်ပိတ်ပင်ပေးရန် လိုအပ်နေသည်။
စာသင်ကျောင်းအနီးတဝိုက်ရှိ ဈေးဆိုင်၊ ကွမ်းယာဆိုင်များတွင် ဆေးလိပ်ရောင်းချခြင်းများရှိနေပြီး ကျောင်းသားအချို့မှာ အဆိုပါဆိုင်များမှ ဆေးလိပ်ကို အလွယ်တကူဝယ်ယူရရှိကာ သုံးစွဲခြင်းများရှိနေသည်။
“ကလေးတွေက ဆေးလိပ်ကို အိမ်ကမသိအောင် ခိုးသောက်ကြတာ။ အဲဒါကြောင့် ရောင်းတဲ့ဆိုင်တွေကလည်း အသက်မပြည့်သေးတဲ့ ကလေးတွေကို မရောင်းသင့်ဘူး။ ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဘာမှ ထိန်းကွပ်မှု မရှိဘူး။ အရေးယူတာတွေလုပ်မှ ဈေးဆိုင်တွေက မရောင်းရဲဘဲနေမှာ” ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေါ်ခင်သန်းမြက ပြောသည်။
စစ်တွေမြို့ရှိ အခြေခံပညာစာသင်ကျောင်းများဖြစ်သည့် အ.ထ.က(၉)၊ အ.ထ.က (၂) အပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနီးတွင် ကျောင်းသားအချို့မှ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းများကို မကြာခဏ တွေ့မြင်ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
“စစ်တွေမှာ ကျောင်းသားတချို့ အဖြူအစိမ်းဝတ်ပြီး ဆိုင်တွေက ဆေးလိပ်ဝယ်သောက်နေကြတာကို လမ်းသွားလမ်းလာရင်း တွေ့ရတယ်။ ကလေးတွေက အသိပညာနည်းတော့ ဆေးလိပ်သောက်တာကို စတိုင်ကျတယ်လို့ ထင်ကြတယ်” ဟု စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်မှ ကျောင်းသားမိဘ အမျိုးသားတစ်ဦးက ပြောသည်။
၂၀၀၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုဥပဒေတွင် ကျောင်းပရိဝုဏ်အတွင်းနှင့် ကျောင်းပရိဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသူအား ဆေးလိပ်ရောင်းချခြင်း (သို့မဟုတ်) ပေးကမ်းခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသူကို ဆေးလိပ်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ရောင်းချခြင်းပြုရာတွင် ခိုင်းစေခြင်းနှင့် အသက် ၁၈ နှစ် မပြည့်သေးသူထံမှ ပစ္စည်းတစ်ခုခုကို ဆေးလိပ်နှင့် လဲလှယ်ခြင်း မပြုလုပ်ရကြောင်း ပြဌာန်းထားသည်။
အဆိုပါဥပဒေအရ ပြစ်မှုကျူးလွန်သူအား ပထမအကြိမ် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ငွေဒဏ်အနည်းဆုံး ကျပ် ၁၀,၀၀၀ မှ အများဆုံး ကျပ် ၃၀,၀၀၀ အထိ၊ ဒုတိယအကြိမ်နှင့်အထက် ပြစ်မှုကျူးလွန်လျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်အနည်းဆုံး ကျပ် ၃၀,၀၀၀ မှ အများဆုံး ကျပ် ၁၀၀,၀၀၀ အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
သို့သော် စာသင်ကျောင်းများအနီးတွင် ဆေးလိပ်အရောင်းဆိုင်များရှိနေခြင်းကို သက်ဆိုင်ရာအာဏာပိုင်များမှ အရေးယူဆောင်ရွက်မှုများမှာ အားနည်းနေသည်ဟု ရခိုင်ဒေသခံများက ထောက်ပြကြသည်။
စာသင်ကျောင်းအနီးတွင် ဆေးလိပ်ရောင်းချခြင်း မရှိစေရန်နှင့် ကျောင်းသား/သူများ ဆေးလိပ်မသောက်သုံးမိစေရန်အတွက် ကျန်းမာရေးအသိပညာပေးမှုများကို ကွင်းဆင်းဆောင်ရွက်သင့်ကြောင်း ဆိုကြသည်။
ဘူးသီးတောင်မြို့နယ်မှ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးလုံးမောင်က “ကျောင်းအနီးအနားက ဈေးဆိုင်သည်တွေကို ကျောင်းကတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေပူးပေါင်းပြီး ဆေးလိပ်တွေ မရောင်းချဖို့ အသိပညာပေးတာတွေ လုပ်ပေးဖို့လိုတယ်။ တားမြစ်ဖို့ လိုတယ်” ဟု ပြောသည်။
စာသင်ကျောင်းအပါအဝင် ဆေးရုံ၊ ဆေးခန်း၊ ကစားကွင်း၊ ကုန်တိုက်၊ တက္ကသိုလ်၊ ပြတိုက်၊ စာကြည့်တိုက်၊ အများသုံးဘတ်စ်ကား၊ ကျောင်းကား၊ သင်တန်းကျောင်းများအပြင် အများပြည်သူနှင့် ဆက်စပ်သည့် နေရာများတွင် ဆေးလိပ်သောက်သုံးခွင့် မရှိကြောင်း ၂၀၀၆ ခုနှစ် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုဥပဒေတွင် ပြဌာန်းထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာ့ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုအခြေအနေ အစီရင်ခံစာ (၂၀၂၁)အရ မြန်မာနိုင်ငံသည် လူမှုကွန်ရက်အပါအဝင် မီဒီယာပေါင်းစုံအသုံးပြု၍ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှု လျှော့ချနိုင်ရေး အသိပညာမြှင့်တင်ဆောင်ရွက်ရာ၌ စွမ်းဆောင်ရည်အမြင့်ဆုံး ၄၆ နိုင်ငံတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း သိရသည်။
#R005 #DMG
https://www.facebook.com/dmgnewsagency/posts/702118478628418