စစ်တွေမြို့တွင် ညဈေးတန်းသစ် ဖွင့်လှစ်‌ပေးသွားမည်

By DMG / 2023 September        4

ပုံစာ – စစ်တွေမြို့ ရှုခင်းသာလမ်းမှ ပျံကျဈေးဆိုင်တချို့ကို ယခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရန်နှင့် ပျံကျဈေးသည်များ စနစ်တကျ ရောင်းချနိုင်ရန်အတွက် ညဈေးတန်းသစ်ကို ယခုရက်ပိုင်းအတွင်း ဖွင့်လှစ်ပေးသွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

သံပုရာသီးခွဆုံအနီးရှိ မြေကွက်လပ်နှင့် လမ်းမကြီးပေါ်မှ နေရာတချို့တွင် လာမည့် စက်တင်ဘာလ ၉ ရက်တွင် ညဈေးတန်းသစ်ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆိုင်ခန်းများအတွက် မြေဧရိယာ တိုင်းတာသတ်မှတ်နေပြီ ဖြစ်သည်။

အဆိုပါနေရာများတွင် အလျားပေ ၁၀၊ အနံ ၁၅ ပေရှိ ဆိုင်ခန်း ၁၉ ခန်းနှင့် အလျား ၇ ပေ၊ အနံ ၅ ပေရှိ ဆိုင်ခန်း ၆၄ ခန်းကို ဖွင့်လှစ်ပေးသွားမည်ဟု စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။ 

“ကနဦးအနေနဲ့ ဆိုင်ခန်းအဲဒီလောက်ကို အခမဲ့စနစ်နဲ့ မဲနှိပ်လို့ နေရာချပေးသွားမယ်။ ဈေးသူ/သားတွေ ထပ်လျှောက်မယ့်သူ များပြားလာရင်တော့ အကောက်ရုံလမ်းတလျောက်ထိ နေရာတိုးချဲ့ပြီးတာ့ ချထားပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။

ညဈေးတန်းတွင် ည ၄ နာရီမှ ၁၀ နာရီအထိ ရောင်းချနိုင်မည်ဖြစ်ပြီး စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည့် ယာဉ်ရပ်နားမည့်နေရာနှင့် ဈေးရောင်းချသူများ၊ ဈေးဝယ်ယူသူများအတွက် ရွှေ့လျားအိမ်သာများကိုပါ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ 

ညဈေးတန်းသစ် ဖော်ဆောင်ပေးမှုမှာ ကောင်းမွန်သောလုပ်ဆောင်ချက်ဖြစ်ပြီး မြေပြင်တွင် အမှန်တကယ် ဈေးရောင်းချနေသူများကို ဦးစားပေးစီစဉ်စေလိုကြောင်း ပျံကျဈေးသည်များက ပြောကြသည်။

“တိတိကျကျဆိုတော့ အလုပ်အကိုင်လည်း ပိုပြီးတော့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားမယ်။ မဟုတ်ဘူးဆိုရင် ကျနော်တို့မှာလည်း ဟိုပြေးရဒီပြေးရနဲ့ အဆင်မပြေဘူး” ဟု စစ်တွေမြို့၊ ကမ်းနားလမ်းတွင် အသုပ်စုံရောင်းချနေသူ ကိုခန့်ခွန်းသာက ပြောသည်။ 

စစ်တွေမြို့တွင် ညဈေးတန်းတစ်ခု ပေါ်ပေါက်လာစေရန် ဒေသခံများက လိုလားနေကြခြင်းဖြစ်ပြီး လက်ရှိတွင် အကောင်အထည်ပေါ်လာသဖြင့် ဈေးသူ၊ ဈေးသားများနှင့် မြို့ခံများက ကြိုဆိုကြသည်။

သို့သော်လည်း ညဈေးတန်းတွင် ရောင်းချသူများအနေဖြင့် စည်းကမ်းတကျ ရှိရန်လိုအပ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များကလည်း စနစ်တကျ ကြပ်မက်ပေးသင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

“စည်းကမ်းသတ်မှတ်ချက်တွေကို သေသေချာချာ လိုက်နာကျင့်သုံးဖို့လိုအပ်သလို တစ်ဖက်မှာလည်း လိုက်နာမှုအားနည်းတဲ့ သူတွေကို အရေးယူဖို့လိုအပ်တယ်။ ဒါတွေကို ထိထိရောက်ရောက် လုပ်နိုင်ရင်တော့ လုံခြုံရေးကိစ္စတွေ၊ ခိုးဆိုးလုယက်တဲ့ကိစ္စတွေ လျော့နည်းသွားနိုင်တယ်” ဟု စစ်တွေဒေသခံ ဦးတင်ငြိမ်းဦးက ပြောသည်။  

#I008 #DMG

https://www.facebook.com/dmgnewsagency/posts/692196672953932

Leave a Reply

Your email address will not be published.