စစ်တွေတွင် အမျိုးသမီးငယ်တစ်ဦး သွေးဆောင်ဖျားယောင်းခံရ

By Western News / 2023 September     6

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ရခိုင်ပြည် စစ်တွေမြို့နယ်တွင် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို သွေးဆောင် ဖျားယောင်းခံရမှုရှိပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များကပြောသည်။

သွေးဆောင်ဖျားယောင်းခံရသူ အမျိုးသမီးငယ်မှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ စက်ရုံစုရပ်ကွက်တွင် မိသားစုနှင့် အတူနေထိုင်နေသူတစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် မအေးမူဖြစ်ကြောင်း သိရသည်။

မအေးမူမှာ စက်တင်ဘာ ၃ ရက်နေ့မှစ၍ စတင်ပျောက်ဆုံးသွားခြင်းဖြစ်ပြီး လိုက်လံရှာဖွေရာတွင် အမျိုးသမီး ၂ ဦးခေါ်ယူသွားကြောင်းသိရှိရသည်ဟု ပျောက်ဆုံးနေသူ မအေးမူ၏ မိခင်ဖြစ်သူက Western News ကို ပြောသည်။

“အဲ့နေ့က ဒီအတိုင်းပဲလျှောက်သွားနေတာထင်တာ။ ညနေပိုင်းအထိပြန်မရောက်တာ လိုက်ရှာရာကနေ အမျိုးသမီးနှစ်ယောက်ခေါ်သွားတယ်ဆိုတာ သိရတယ်။ သူ့မှာပါသွားတဲ့ဖုန်းကလည်း အဲ့ဒီအမျိုးသမီးဆီမှာ ကျန်ခဲ့တယ်။ သူတို့ပြောတာတော့ကျမ သမီးရဲ့စိတ်ဆန္ဒအရခေါ်သွားတာလို့ပြောတယ်။ ဆက်သွယ်ချင်လို့လည်းဆက်သွယ်လို့မရဘူး” ဟုပြောသည်။

“အိမ်မှာ နည်းနည်းစကားများကြတယ်။ အဲ့ဒီနောက်မှာတော့ ထွက်သွားတယ်။ အခုအချိန်အထိ သတင်းမရမရဘူး အဲ့ဒီဖက် ထွက်လာတဲ့ သတင်းအရ အလုပ်ရဖို့အတွက် ၅ သိန်းက နေ ၁၀ အထိ ရမယ်ဆိုပြီးတော့ ပြောလာတယ်။ ဖုန်းတစ်လုံးပါတယ်။ အဲ့ဒီဖုန်းဆက်မရဘူး။ သူ ပျောက်သွားလို့ တစ်လျှောက် ဖုန်းဆက်တယ်။ နောက်တစ်ရက်မှာ ဖုန်းဆက်တယ်။ သူတို့အဖွဲ့က ကျမကိုဆဲတယ်။ ပြီးတော့ နင်သမီးကို ငါတို့ခေါ်တာမဟုတ်ဘူး။ နင်သမီးကို ကိုယ်တိုင်လာတာ။ နင်တို့ ကြိုက်တဲ့နေရာမှာ တိုင်ဆိုပြီးတောည့ ခြိမ်ခြောက်တယ်။ ကျမသမီးကို လိုက်ပို့တဲ့သူကလည်း ဒေါ်လှယိုင်ဖြူရဲ့ သမတ်ဖြစ်တယ်”ဟု မအေးမူ၏ မိခင်ဖြစ်သူက ဆက်လက်ပြောသည်။

မအေးမူ ကို ခေါ်ဆောင်သွားသူနှစ်ဦးမှာ ရပ်ကွက်တွင် အတူနေထိုင်သည့် အမျိုးသမီးနှစ်ဦးက ခေါ်ဆောင်သွားခြင်းဖြစ်ပြီး စစ်တွေနေတစ်ဆင့် မြောက်ဦးမြို့သို့ ယူဆောင်သွားခြင်း မြောက်ဦးမြို့တွင် လူကုန်းကူး လုပ်ဆောင်နေသည့် နေရာတစ်ခုတွင် ထားရှိကြောင်း သိရသည်။

အဆိုပါ နေရာကို Western News က စုံစမ်းနေဆဲဖြစ်ပြီး ယင်းနေရာများတွင် ပါဝင်သည့်လူကုန်ကူသည့် အဖွဲ့တစ်ခု ဖြစ်ပြီး အထူးသဖြင့် စစ်တွေမြို့ နာဇီရွာ စက်ရုံစု ရပ်ကွက်မှာ အမျိုးသမီးနှစ်ဦးက ခေါင်းဆောင်သည့်ဟု Western News က စုံစမ်းသိရရှိရသည်။

စက်ရုံစု ရပ်ကွက် လူကုန်းကူသူများဖြစ်ကြသည် ရှမ်းမချေ၊ ဒေါ်အေးယိုင်ဖြူတို့အဖွဲ့ မအေးမူ ကို ခေါ်ဆောင်သွားပြီး မြောက်ဦးမြို့ လေးခွဆုံတွင် ထားခဲ့ကာ ယင်းဖွဲ့က အမျိူးသမီးတစ်ဦးက လာ၍ မအေးမူ ကို ခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိတွင်သမီးဖြစ်သူ မည်သည့်နေရာကိုရောက်ရှိနေသည်ကို သေချာမသိရှိရဘဲ ခေါ်ယူသွားသည့် အမျိုးသမီးများမှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှတစ်ဦး မကျည်းမြိုင်ရပ်ကွက်မှတစ်ဦးတို့ဖြစ်ပြီး ပျောက်ဆုံးနေသည့် သမီးဖြစ်သူနှင့် ပတ်သက်၍မူ စစ်တွေမြို့အမှတ်၂ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟု မိသားစုဝင်များက ပြောသည်။

မအေးမူ၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက “သူတို့က စစ်တွေမြို့ စက်ရုံစု ရပ်ကွက်မှာနေကြတယ်။ အုပ်စုလိုက်အဲ့ဒီအလုပ်တွေကို လုပ်ကြတယ်။ အခုအသုတ်မှာ ကျောက်ဖြူ အမျိုးသမီးတွေပါတယ်။ စစ်တွေက အမျိုးသမီးတွေပါတယ်။ ပြီးတော့ မြောက်ဦးက အမျိုးသမီးတွေပါတယ်။ အဲ့ဒီအအမျိုးသမီးတွေကို မြောက်ဦးထားတယ်။ ပြီးတော့ ရန်ကုန် ပို့တယ်။ အဲ့ဒီကနေတစ်ဆင့် မလေးရှားတို့ ဒူဘိုင်တွေကို ပို့တယ်ဆိုတာကို ကျနော်တို့ အတိအကျရထားတယ်”ဟုပြောသည်။

လူကုန်းကူသူများဖြစ်ကြသည် ဒေါ်ရှမ်းမချေ၊ ဒေါ်အေးယိုင်ဖြူတို့အဖွဲ့ ၏ ဆက်သွယ်ရမဲ့ ဖုန်းနံပတ်များကို Western News မှ ရရှိခဲ့သည်။ အဆိုပါဖုန်းနံပတ်များကို ယမန်နေ့နှင့် ယနေ့တွင် ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ခြင်းမရှိပေ။

အေးမူနှင့်နီးစပ်သူတစ်ဦးက အေးမူမှာ စာမတတ်သည့်သူတစ်ဦးဖြစ်ပြီး နိုင်ငံရပ်ခြားသို့သွားမည့် ကိစ္စနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိမည့်သူတစ်ယောက်မဟုတ်ဟု ဆိုသည်။

“သူကနည်းနည်းစိတ်လွတ်တတ်တာမျိုးတွေရှိတယ်။ ထင်သာမြင်သာတော့မဟုတ်ဘူး။ ပြီးတော့ စားရေးတတ်ဖတ် တတ်သူတစ်ယောက်မဟုတ်ဘူး။ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်နိုင်လောက်တဲ့အထိတော့ သိပ်မထင်ဘူး ” ဟုပြောသည်။

စစ်တွေမြို့နယ်ရှိ စက်ရုံစုရပ်ကွက်မှာ အနယ်နယ်အရပ်ရပ်မှ လူများလာရောက်စုရုံးနေထိုင်ကြသည့် နေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ အမျိုးသမီးငယ်များ ပျောက်ဆုံးသည့်ဖြစ်စဉ်များမှာ ယခင်လည်းဖြစ်ပွားမှု ရှိခဲ့သည်ဟု ရပ်ကွက်နေသူများကပြောသည်။

https://www.facebook.com/westernnewsagency/posts/740213654784730

Leave a Reply

Your email address will not be published.