စစ်တွေကမ်းခြေက စားသောက်ဆိုင်ပိုင်ရှင်များကို တွေ့ဆုံရန် မြို့နယ်စည်ပင်ခေါ်ယူ

By Western News / 2023 September     19

ဖယ်ရှားပေးရန် သတိပေးခံထားရသော ရခိုင်ပြည်၊ စစ်တွေမြို့ ပင်လယ်ကမ်းခြေအနီးက စားသောက်ဆိုင် ၁၆ ခုမှ ပိုင်ရှင်များကို တွေ့ဆုံဆွေးနွေးရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခေါ်ယူထားကြောင်း သိရှိရသည်။

တွေ့ဆုံရန်ခေါ်စာတွင် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်က စားသောက်ဆိုင်များအား စာပေးပို့ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ခေါ်စာတွင် ၁၀ လပိုင်း ၁၉ ရက်နေ့ဖြစ်နေသည့်အတွက် ရက်စွဲမှားနေကြောင်း စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ထောက်ပြသည်။

“မနေ့က ရက်စွဲနဲ့ ဒီနေ့ မနက်က စာလာပေးတယ်။ မြို့နယ်စည်ပင်က အမှုဆောင်အရာရှိ ဦးရွှေမောင် လက်မှတ်ထိုးပြီးတော့ပေါ့။ ၁၀ လပိုင်း ၁၉ ရက်နေ့ အင်္ဂါနေ့မှာတွေ့ဆုံမယ်။ နေ့လယ် ၁ နာရီခွဲမှာ ရခိုင်ပြည်နယ်အစိုးရဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) သို့ အရောက်လာရမယ်ဆိုပြီး ပါတယ်။ ဒါပေမယ့် ၁၀ လပိုင်း ၁၉ ရက်နေ့က အင်္ဂါနေ့ မဟုတ်ဘူး။ ဒီနေ့ ၁၉ ရက်နေ့နဲ့ မှားသွားတာလားမသိဘူး။ ၉ လပိုင်းနဲ့ ၁၀ လပိုင်းကို မှားသွားတာထင်တယ်။ ရက်စွဲမှားနေတဲ့အခါကျတော့ သွားရမှာလား မသွားရဘူးလား မသိသေးဘူး။ စာအမှန်ထုတ်ပေးဖို့ကို စောင့်ကြည့်ရမှာပဲ” ဟု ပြောသည်။

အဆိုပါ စာကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ Western News မှ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

စည်ပင်နယ်နမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲမှ စစ်တွေကမ်းခြေ စစ်တွေဟိုတယ် အနီးရှိ စားသောက်ဆိုင် ၁၆ ခုကို ဩဂုတ်လ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားဖျက်သိမ်းပေးရန် သတိပေးထားခဲ့သည်။

ထိုသတိပေးစာ ရပြီးနောက်ပိုင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် စားသောက်ဆိုင်ပိုင်ရှင်များကလည်း ဆိုင်ခန်းနေရာမှ ဖယ်ရှားမပေးနိုင်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းလိုသည့် အသနားခံစာကို ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများအပါအဝင် သက်ဆိုင်ရာဌာနအားလုံးကို စာပေးပို့ခဲ့သည်။

အသနားခံစာနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့က တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိဘဲ ယနေ့မှ မြို့နယ်စည်ပင်က တွေ့ဆုံဆွေးနွေးရန် နောက်ထပ်တစ်ကြိမ် စာပေးပို့လာခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် နောက်ထပ် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “တွေ့ဆုံဖို့ခေါ်တာကို သွားချင်ပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်ခံရမယ့် တွေ့ဆုံပွဲဆိုရင်တော့ မသွားချင်ဘူး။ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှု ဆိုရင်တော့ သွားချင်ပါတယ်။ မီဒီယာတွေရှေ့မှာ တွေ့ဆုံဆွေးနွေးရမယ်ဆိုရင် စားသောက်ဆိုင်ပိုင်ရှင်တွေကလည်း လာကြမှာပါ” ဟု ပြောသည်။

မြို့နယ်စည်ပင်က ပထမအကြိမ်သတိပေးစာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က နောက်ဆုံးထား မိမိအစီအစဉ်ဖြင့် မဖယ်ပေးပါက စားသောက်ဆိုင်များကို ဘိုဒူဇာဖြင့် လာရောက်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သတိပေးခဲ့သော်လည်း ယနေ့အချိန်အထိတော့ တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ စားသောက်ဆိုင်များမှာ ကျူးကျော်ထားခြင်းမဟုတ်ဘဲ ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း အမိန့်နှင့် အကွက်ရိုက်ပြီး ဆိုင်ခန်း ၁၆ ခုကို နေရာတကျစီစဉ်ကာ ဌာနပေါင်းစုံက အစည်းအဝေးခေါ်ယူပြီး မဲနှိပ်၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ကျူးကျော်ထားတာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း အမိန့်နဲ့ ဌာနပေါင်းစုံက ခေါ်ပြီး ပေးအပ်ခဲ့တာပါ။ ဒါကလည်း စည်ပင်မှာ မှတ်တမ်းမှတ်ရာ ရှိပါတယ်။ ကျနော်တို့ စားသောက်ဆိုင်ဖက်ကတော့ ဖယ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အစားထိုးမြေနေရာလည်း ပေးတာမဟုတ်ဘူး။ ကမ်းခြေအနီးမှာ အစားထိုးမြေနေရာပေးရင်တော့ တမျိုးပေါ့ ” ဟု ပြောသည်။

ယခု ဖယ်ရှားဖျက်သိမ်းခံရမည့် စားသောက်ဆိုင်မြေနေရာများမှာ ကမ်းခြေလမ်း၏ လမ်းတက်တစ်ခုသာဖြစ်ပြီး စည်ပင်၏ ကမ်းခြေပတ်လမ်းတိုးချဲ့ရေး မူလအစီအစဉ်ထဲတွင် မပါဝင်ကြောင်း သိရသည်။

ပွိင့်ကမ်းခြေမှ စစ်တွေဟိုတယ်အထိ ပင်လယ်မြစ်ကမ်းဘက်သို့ ၅ ပေခန့် လမ်းတိုးချဲ့နေပြီး စစ်ကောင်စီ၏ ရေတပ်စခန်းဘက်သို့ လမ်းတိုးချဲ့ခြင်းမရှိပေ။

စစ်တွေကမ်းခြေသည် အပန်းဖြေရာ ကမ်းခြေတစ်ခုဖြစ်သည့်အတွက် ကမ်းခြေ၏ အင်္ဂါရပ်နှင့်အညီ၊ ဟိုတယ်နှင့်ခရီးသွား ဥပဒေများနှင့်အညီ စားသောက်ဆိုင်များကိုလည်း အစီအစဉ်တကျ နေရာချထားပေးသင့်ကြောင်းနှင့် မြို့နယ်စည်ပင်အနေဖြင့် စားသောက်ဆိုင်များကို လက်လွတ်စပယ် မဖျက်သိမ်းသင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဖယ်ရှားဖျက်သိမ်းပေးရမည့် စားသောက်ဆိုင်များအတွက် မြေနေရာ အစားထိုးပေးရန် လိုအပ်သလို အစားထိုးမြေနေရာမှာ ကြည်နူးရိပ်စားသောက်ဆိုင်နှင့် ဟုန်းလီစားသောက်ဆိုင်ကြားတွင် လစ်လပ်နေသည့် မြေကွက်မှာ အကောင်းဆုံးဖြစ်ကြောင်း ဒေသခံတစ်ဦးက ထောက်ပြထားသည်။

ယင်းမြေကွက်နေရာမှာ ဆိုင်ခန်း ၁၆ ခုအတွက် လုံလောက်သော မြေနေရာရှိပြီး ကမ်းခြေကိုလည်း မထိခိုက်သလို ကမ်းခြေနှင့်မဝေးသည့်အတွက် စားသောက်ဆိုင်များအတွက် အသင့်တော်ဆုံးနေရာဖြစ်ကြောင်း ဆိုသည်။

ဖယ်ရှားဖျက်သိမ်းခံရမည့် စားသောက်ဆိုင်ပိုင်ရှင်များကလည်း အဆိုပါ မြေနေရာတွင် အစားထိုးနေရာချထားပေးပါက လက်ခံနိုင်ပြီး ယခုမြေနေရာမှ မဖယ်ရှားပေးနိုင်ကြောင်း ပြောဆိုကြသည်။

အကယ်၍ ယခုဖယ်ရှားပေးရမည့် မြေနေရာများမှ ဖယ်ပေးရန်မလိုဘဲ စားသောက်ဆိုင်ပိုင်ရှင်များအနေဖြင့် စားသောက်ဆိုင်အခွန်အခအတိုင်း နိုင်ငံတော်ကို ငွေကြေးပေးဆောင်ရမည်ဟု သတ်မှတ်ပါက အခွန်အခများကို ပေးရန်အဆင်သင့်ရှိကြောင်း သိရသည်။

လက်ရှိတွင် စားသောက်ဆိုင်များမှာ စားသောက်ဆိုင်၏ အခွန်အခကို မပေးရဘဲ သန့်ရှင်းရေးအခွန်ကိုသာ မြို့နယ်စည်ပင်သာယာရေးသို့ ပေးအပ်ရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲမှ စစ်တွေမြို့အတွင်း ကျူးကျော်အဆောက်အဦးများနှင့် ကမ်းခြေအနီးက စားသောက်ဆိုင်များအပါအဝင် မင်းဘာကြီးလမ်းနှင့် လမ်းမကြီးလမ်းတစ်လျှောက်တွင် လမ်းပလက်ဖောင်းများအား ကျူးကျော်ထားသာ ဆိုင်ခန်း စုစုပေါင်း ၂၀၀ ကျော်ကို ဖျက်သိမ်းသွားမည်ဟု သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/747770364029059

Leave a Reply

Your email address will not be published.