By DMG / 2023 September 28
မိုးတွင်းကာလဖြစ်သည့်အတွက် အိမ်ခေါင်းမိုးပေါ်က တစ်စက်ချင်းစီ ယိုကျလာသော မိုးရေစက်များကို မခင်ဝင်းချေ တစ်ယောက် မရှောင်လွှဲနိုင်ပဲရှိနေသည်။
နေအိမ်အတွင်းတွင် တစ်ယောက်တည်းရှိနေချိန်မှာ မိုးသဲကြီးမဲကြီး ရွာသွန်းနေသောကြောင့် အားကိုးရာမဲ့ ဖြစ်နေရခြင်းဖြစ်သည်။
ထို့ကြောင့် ထိုင်နေသည့် အလျား ၆ ပေခန့်ရှိသော ပက်လက်လန်ထိုင်ခုံပေါ်က ရွေ့လျားရန် ဟိုကြည့်၊ သည်ကြည့်နှင့် နေအိမ်ရှေ့မှဖြတ်သွားသည့် အမျိုးသမီးများကို အကူအညီတောင်းခံနိုင်ရန် မခင်ဝင်းချေမှာ အားယူနေရသည်။
“တစ်နေ့လုံး ထိုင်ခုံပေါ်မှာပဲ ထိုင်နေရတာ၊ ဘာမှလှုပ်ရှားလို့ မရဘူး။ အရင်လို အလုပ်တွေလုပ်ချင်ပေမယ့်လည်း စိတ်ထဲမှာ စိတ်ကူးပဲရှိတော့တယ်။ ခန္ဓာကိုယ်က လှုပ်ရှားလို့မရတော့ဘူး” ဟု မခင်ဝင်းကချေက ဆိုသည်။
ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံအရပ်သား သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်းလူဦးရေ ၁၀၀၀ ကျော်ရှိခဲ့သည်ဟု ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများထံက သိရသည်။
စစ်ဘေးရှောင်အရေးနှင့် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူတို့၏စာရင်းကို ကောက်ယူခဲ့သော အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရ ရခိုင်တွင် တိုက်ပွဲကြောင့် အရပ်သားသေဆုံးသူ ၃၈၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၉၄ ဦး စုစုပေါင်း လူဦးရေ ၁၀၇၄ ဦးရှိခဲ့သည်ဟု သိရသည်။
ထိုသို့ ဒဏ်ရာရရှိသူများထဲတွင် အသက် (၃၀)ကျော်အရွယ် မခင်ဝင်းချေလည်း ပါဝင်နေခြင်းဖြစ်သည်။
စစ်ပွဲများကြားမှာ ရှောင်တိမ်းရင်း သူ့ကျောကုန်းကို ကျည်ထိမှန်ခဲ့ပြီး အာရုံကြောထိခိုက်သွားကာ အောက်ပိုင်း လုံးဝလှုပ်၍မရတော့ချေ။
“လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတဲ့အချိန် ကျမနဲ့ သမီးလေးက ဘယ်ကိုပြေးရမှန်းမသိ ဖြစ်နေခဲ့တယ်။ ရွာကလူတွေ တောင်ဖက် ဘုန်းတော်ကြီးကျောင်းကို ပြေးကြတော့ သမီးလေးကိုချီပြီး အဲဒီနေရာကို ပြေးကြတာ။ ပင်ပန်းတယ်လို့ သမီးလေးကို အစ်မတစ်ယောက်ဆီကို လွှဲပေးတဲ့အချိန်မှာပဲ ကျမဆီကို ကျည်ကျလာတယ်” ဟု မခင်ဝင်းချေက ယင်းနေ့ကဖြစ်ပွားသည့် ဖြစ်စဉ်ကိုရှင်းပြသည်။
၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့ပေါ်က စစ်ကြောင်းထိုးလာသည့် အင်အား (၃၀)ကျော်ပါ စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခဲ့သောကြောင့် ပေါက်ကွဲသံ ထွက်ပေါ်လာရခြင်း ဖြစ်သည်။
တပ်မတော်စစ်ကြောင်းမှ လက်နက်ကြီးလက်နက်ငယ်များ ယမ်းသမ်းပစ်ခတ်စဉ် မခင်ဝင်းချေတို့ နေထိုင်သည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာက ဒေသခံတစ်ထောင်ကျော်မှာ ကြောက်ရွံ့ကာ လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
အခင်းဖြစ်ပွားသည့်နေရာ(ကားလမ်းမ)နှင့် မခင်ဝင်းချေတို့ နေထိုင်သည့် ထွန်းရဝေကျေးရွာသည် မိနစ် ၂၀ ခန့်လောက်သာ သွားရောက်နိုင်သည့် အကွာအဝေးလည်း ဖြစ်သည်။
တပ်မတော်စစ်ကြောင်းက တွေ့ရှိရာကျေးရွာရှိ အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိသည်ဆိုသည့် ဒေသခံများ၏ စကားသံကြောင့် မခင်ဝင်းချေ၏ ခင်ပွန်းဖြစ်သူ ကိုပေါက်စမှာ ကျေးရွာနှင့်အလှမ်းဝေးသည့် နေရာတစ်ခုကို ယင်းအချိန်တွင် သွားရောက်တိမ်းရှောင်နေခဲ့သည်ဟု သိရသည်။
လက်နက်ကြီးများ ပစ်ခတ်စဉ် ထွက်ပြေးတိမ်းရှောင်ကြသော ကျေးရွာသားများအနက် မခင်ဝင်းချေ တစ်ဦးတည်းကိုသာ သေနတ်ကျည်ဆံ ထိမှန်ခံရခြင်းဖြစ်ပြီး ကျေးရွာရှိ အမျိုးသမီးများနှင့်အတူ ရသေ့တောင်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။
ရသေ့တောင်ဆေးရုံမှ စစ်တွေဆေးရုံ၊ စစ်တွေဆေးရုံမှလည်း လက်မခံသောကြောင့် နောက်တစ်နေ့ မနက်တွင် ရန်ကုန်ဆေးရုံကို သွားရောက်ကာ ဆေးကုသမှုခံယူခဲ့ရသည်ဟု သိရသည်။
“ကျောကုန်းမှာ ကျည်ထိမှန်တော့ အာရုံကြော ပြတ်သွားတယ်လို့သိရတယ်။ အာရုံကြောပြတ်သွားတော့ အောက်ပိုင်းက လုံးဝလှုပ်ရှားလို့ မရတော့ဘူး၊ အောက်ပိုင်းက သေသွားပြီးလို့ ဆရာဝန်ကပြောတယ်” ဟု မခင်ဝင်းချေက ပြန်ပြောပြသည်။
မခင်ဝင်းချေသည် ရန်ကုန်ဆေးရုံကြီးတွင် (၄) လကျော်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ကျည်ထိဒဏ်ရာ ပျောက်ကင်းစေရန်အတွက် (၁၀) ရာခိုင်နှုန်းလောက်သာ အခွင့်အရေးရှိသည်ဟုလည်း သိရသည်။ သို့သော်လည်း လက်ထဲတွင် ငွေကြေးမရှိခြင်း၊ ဆေးကုသစရိတ် ဈေးကြီးခြင်းတို့ကြောင့် အဆိုပါအခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်ဟု မခင်ဝင်းချေကဆိုသည်။
ယခင်က မခင်ဝင်းချေသည် အထည်ချုပ်စက်ရုံများတွင် စက်ချုပ်သည့်အလုပ်ကို လုပ်ကိုင်ဖူးသည်။ ကျေးရွာတွင် အလုပ်အကိုင်မရှိ၍ သူတတ်မြောက်ထားသည့် စက်ချုပ်အလုပ်ကို လုပ်ကိုင်ရန်ပြင်ဆင်နေစဉ် ယခုလို ကိုယ့်ခန္ဓာမသန်စွမ်း ဖြစ်သွားသောကြောင့် အလွန်ဝမ်းနည်းမိသည်ဟုလည်း ဆိုသည်။
မခင်ဝင်းချေမှာ လက်ရှိသူငယ်တန်းတွင် ပညာသင်ကြားနေသော ၅ နှစ်အရွယ် သမီးလေးတစ်ဦးရှိသည်။ မိသားစု၏ အဓိကစားဝတ်နေရေးကို ယောက်ျားဖြစ်သူ ကိုပေါက်စကပဲ ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်ကာ ရှာဖွေကျွေးမွေးနေရခြင်းဖြစ်သည်။
“ကျမက မိသားစုအတွက် ဘာမှလုပ်မပေးနိုင်တော့ဘူး။ သမီးလေးရှေ့ရေးအတွက်ကိုလည်း စိတ်ပူမိတယ်” ဟု ကျောင်းတက်စအရွယ် သမီးလေး၏ရှေ့ရေးကိုတွေးတောကာ မခင်ဝင်းချေတစ်ယောက် ပြောဆိုနေခြင်းဖြစ်သည်။
ရခိုင်တွင် ၂၀၂၂ နှစ် ဇူလိုင်လတွင် ဒုတိယအကျော့အနေဖြင့် တိုက်ပွဲအဟုန် ပြင်းထန်လာခဲ့သည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် ဩဂုတ်လမှ နိုဝင်ဘာလကုန်အထိ လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ ဒရုန်း၊ သေနတ်ကျည်ဆံ ထိမှန်မှုများကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၃ ဦးအထိ ရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသော စားရင်းအချက်အလက်များအရ သိရသည်။
DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ရခိုင်ပြည်နှင့် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တို့တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၆၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့ကြောင်း သိရသည်။
တကျော့ပြန်တိုက်ပွဲအတွင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို) ကျေးရွာအတွင်းတွင် (၆) လသားအရွယ် ကလေးငယ်တစ်ဦးကို ကင်းပွန်းတပ်နားဖောက်ပွဲ ပြုလုပ်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ (၁၁)ဦးနှင့် ဒဏ်ရာရရှိသူ (၂၄) ဦး ရှိခဲ့သည်။
ထိုသို့ဒဏ်ရာရရှိသူများအထဲတွင် ဦးယင်းညီ၏ ဒုတိယမြောက်သားဖြစ်သူ အသက် (၁၂)နှစ်အရွယ် မောင်ပိုယင်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘယ်ဖက်ခြေထောက် ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် ICRC ၏အကူအညီဖြင့် ခြေတုတပ်ကာ မနိုင်းမနင်းဖြင့် ကျောင်းသွားတက်နေရသည်ဟု ဖခင်ဖြစ်သည်ဟု ဦးယင်းညီက ပြောသည်။
“သားလည်းကို မြင်နေရတာကတော့ ဖခင်အတွက် လုံးဝစိတ်မကောင်းဖြစ်မိတယ်။ ခြေထောက်ဒဏ်ရာကြောင့် စိတ်ဒဏ်တွေကျတဲ့အချိန်ဆိုရင် သူ့က ဘယ်သူတစ်ယောက်နဲ့မျှ စကားမပြောတော့ဘူး။ အဲဒီအခိုက်အတန့်တွေဆိုရင် ဖခင်တစ်ယောက်အတွက် အရမ်းခံစားရတယ်” ဟု ဦးယင်းညီက ဆိုသည်။
မောင်ပိုယင်းသည် သာမန်ကလေးများကဲ့သို့ ဆော့ကစားခြင်းများ မလုပ်ဆောင်နိုင်တော့သည့်အတွက် တစ်ကိုယ်တည်း စိတ်ဓာတ်ကျခြင်း၊ တိတ်ဆိတ်နေထိုင်ခြင်းများ ရှိနေတာကြောင့် မိဘများက သူ့အနာဂတ်အတွက် စိုးရိမ်မှုများလည်း ရှိနေကြသည်။
လက်ရှိမှာ ခြေတုတပ်ဆင်ထားသော်လည်း အများဆုံး မိနစ် (၂၀)ခန့်သာ လမ်းလျှောက်လို့ရပြီး ယခုလို သားတစ်ယောက် အသက်ငယ်ငယ်ဖြင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့်ကို တွေးဝေကာ စဉ်းစားလို့ မရဖြစ်ရသည်ဟု ဦးယင်းညီက ဆိုသည်။
“ခြေတုနဲ့လမ်းလျှောက်ရင် နာတယ်လို့ပြောတယ်။ ခြေတုကအလေးချိန်လည်းများတော့ အဝေးကိုသွားလို့မရဖြစ် နေတယ်။ ပြီးတော့သူ့က အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ လူဘဝကိုလည်းအများကြီး ဖြတ်သန်းရအုန်း မယ်။ ဒါကြောင့် သူကိုတော့ ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်တယ်” ဟု ဦးယင်းညီက သားအတွက်သူ ဖြစ်စေချင်သည့် မျှော်လင့်ချက်ကို ပြောပြသည်။
အလားတူ ကျောက်တော်မြို့နယ် ရွှေပြည်သစ်ကျေးရွာနှင့် လက်ဆောင်ကောက် ( မွတ်ဆလင်) ကျေးရွာများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ ၅ ဦး ပြင်းထန်စွာ ဒဏ်ရရှိသွားခဲ့ကြသည်။
ဒဏ်ရာရရှိသူများမှာ ရွှေပြည်သစ်ရွာမှ ဦးမောင်တူချေ အသက် (၈၆) နှစ်၊ ကိုနိုင်နိုင်ဦး (၃၁)နှစ်၊ မမိုးမိုးနိုင် (၂၈)နှစ်၊ မလေးခိုင် အသက် (၃၂)နှစ်နှင့် လက်ဆောင်ကောက်ရွာမှ အသက် ၃၀ ကျော်အရွယ် မွတ်ဆလင်တစ်ဦးတို့ ဖြစ်သည်။
ခန္ဓာကိုယ်နှင့် ဦးခေါင်းခွံတွင် ထိခိုက်ဒဏ်ရာရရှိသူ မလေးခိုင်မှာ လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရပြီး ဆေးကုသစရိတ်များ လိုအပ်နေသည်ဟုလည်း သိရသည်။
“ဦးခေါင်းခွံမှာ ထိခိုက်ခဲ့တဲ့လက်နက်ကြီးကျည်ဒဏ်ရာကြောင့် စကားအများကြီးမပြောနိုင်ဘူး။ စကားပြောရင် အရမ်းကိုပင်ပန်းတယ်။ ဦးနှောက်မှာကျည်စတွေ ရှိတဲ့အတွက် အာရုံကြောအားဆေးတွေ မကြာခဏသောက်နေ ရတယ်။ တစ်လမှာဆိုရင် နှစ်ကြိမ်လောက်ဝယ်သောက်နေရတယ်။ ဆေးစရိတ်တွေက အခုလက်ရှိမှာ ဈေးကြီးနေ တော့ ဆေးဝယ်ဖို့အတွက် အခက်အခဲရှိနေတယ်” ဟု မလေးခိုင်က ဆိုသည်။
လက်နက်ကြီးကျည် နှင့်စစ်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရရှိသူများကို ဖြစ်စဉ်အတွင်းတွင် ဆေးကုသမှုစရိတ်အဖြစ် လူမှုကူညီရေးအဖွဲ့များထံက အကူအညီများရရှိခဲ့သော်လည်း လက်ရှိတွင် အကူအညီမဲ့နေကြသည်ဟု သိရသည်။
ရခိုင်တွင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားမှုကြောင့် ကိုယ့်လက်အင်္ဂါဆုံးရှုံးသွားသည့် မိသားစုများမှာ သာမန်မိသားစုများအတွက် ပိုမိုကျပ်တည်းခြင်း၊ အိမ်ထောင်ဦးစီးဆုံးရှုံးသွားသည့် မိသားစုဝင်များဆိုလျှင် စစ်ဘေးရှောင်စခန်းများတွင် မှီခိုနေထိုင်ကြရခြင်းများရှိသည်ဟု မိုင်းနှင့်ပတ်သက်၍ အသိပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူထုဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ရေးအဖွဲ့ (ACRO)မှ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောသည်။
ဒါကြောင့် ကိုယ့်လက်အင်္ဂါဆုံးရှုံးသွားသူများကို အထူးသီးသန့် အသက်မွေးဝမ်းကြောင်း သင်တန်းများ အရေးတကြီးလုပ်ပေးရန် လိုအပ်တယ်လို့လည်း ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။
“သူတို့ကိုအရပ်ဖက်အဖွဲ့အစည်း တွေကပဲဖြစ်ဖြစ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ် သတင်းအချက် အလက်တွေ ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို စစ်တမ်းကောက်ပြီးတော့ လိုအပ်တဲ့ပံ့ပိုးမှုတွေ လုပ်ပေးဖို့ လိုအပ်တယ်၊ မဟုတ်ရင်တော့ သူတို့ရဲ့ဘဝတွေက အလွန်ကိုဆိုးဝါး သွားနိုင်တယ်” ဟု ဦးဇော်ဇော်ထွန်းက ဆက်လက်ပြောဆိုသည်။
မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများမဆို နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှင် အပြစ်မဲ့ပြည်သူ့များကို ကာကွယ်ပေးရန် ၊ စစ်ရာဇဝတ်မှုများကိုမကျူးလွန်ကြနှင့် ပြည်သူ့များပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို မဖျက်စီးရန်လိုအပ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက တိုက်တွန်းသည်။
“ဘယ်အဖွဲ့အစည်းတွေမဆို တိုက်ပွဲဖြစ်ရင် အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ပေးရမယ်။ စစ်ရေးကျင့်ဝတ်တွေ ကိုမကျူးလွန်ကြဖို့ တာဝန်ရှိတယ်။ ဒါတွေကို စစ်တပ်တွေအကုန်လုံးက လိုက်နာရဖို့အတွက် ကမ္ဘာက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ၊ စစ်ရေးကျင့်ဝတ်တွေဖြစ်တယ်” ဟု ဦးဖေသန်းက ဆိုသည်။
ခန္ဓာကိုယ့်အောက်ပိုင်း လှုပ်ရှားလို့မရသည့် မခင်ဝင်းချေမှာ သမီးဖြစ်သူ၏ ရှေ့ရေးကြောင့် အသက်ဆက်လက်ရှင်နေရသူဖြစ်သည်ဟု မိမိကိုယ့်ကို ယုံကြည်ထားသည်။
“ကျမသမီးလေးကိုလည်း သူ့များသားသမီးတွေလို့ ပြည့်ပြည့်စုံစုံ လေးထားပေးချင်တယ်။ အခုကတော့ မဖြစ်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျမနဲ့သင့်တော်တဲ့ အလုပ်တစ်ခုတော့ လိုချင်မိတယ်” ဟု အရင်က ဖြစ်ပျက်ခဲ့သည့် အတိတ်ကိုပြန်တွေးရင်း မခင်ဝင်းချေက ဆွေးဆွေးမြည်းမြည်း ပြောဆိုနေပါတော့သည်။
မြတ်ဆွေ – ရေးသည်
https://www.facebook.com/dmgnewsagency/posts/705726418267624