ကွမ်းညွန့်ရှားပါးမှုနှင့် ငွေကြေးလိုအပ်ချက်ကြောင့် မုန်တိုင်းသင့် ကွမ်းစိုက်တောင်သူများ အခက်ကြုံနေ

By DMG / 2023 September        7

ပုံစာ – ဂွမြို့နယ်မှ ကွမ်းစိုက်ခင်းတစ်ခုကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – Kyaw Lin Naing/ Facebook

ရခိုင်ပြည်အတွင်းက မုန်တိုင်းဒဏ်သင့် ကွမ်းစိုက်တောင်သူများမှာ ကွမ်းညွန့်ရှားပါးခြင်းအပြင် ငွေကြေးအရင်းအနှီး လိုအပ်ချက်ကြောင့် ကွမ်းစိုက်ပျိုးရန် အခက်အခဲများရှိနေကြသည်။

ရခိုင်မြောက်ပိုင်းတွင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသော ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့တွင် မုန်တိုင်းကြောင့် ကွမ်းခင်းများပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။  ယခင်က ကွမ်းညွန့်များကို မိမိဒေသအတွင်းမှ ဝယ်ယူစိုက်ပျိုးနိုင်ခဲ့သော်လည်း လက်ရှိတွင် မုန်တိုင်းကြောင့် ကွမ်းခင်းများပျက်စီးသွားသဖြင့် အခက်ကြုံနေရခြင်းဖြစ်သည်။

“မုန်တိုင်းနဲ့ ပျက်စီးသွားကတည်းက ကွမ်းတောင်သူတွေမှာ ပြန်စိုက်ပျိုးနိုင်ဖို့ ခက်ခဲနေကြတာ။ အရင်ကဆိုရင် ပျိုးပင် ၆ ထောင်လောက်ရှိတဲ့ ကွမ်းခင်းတွေစိုက်ကြတာ။ အခုတော့ အများဆုံး ၃ ထောင်လောက်ပဲ စိုက်နိုင်ကြတော့တယ်” ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ဆင်သည်ကျေးရွာမှ ကွမ်းစိုက်တောင်သူ ဒေါ်စောသိန်းဝင်းက ပြောသည်။

တောဖျားချောင်းဒေသက ကွမ်းစိုက်တောင်သူများမှာ မုန်တိုင်းအလွန်တွင် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းရပ်နားရမှုများ ရှိနေသည်။ တောဖျားချောင်းဒေသ ပိုးရွီပြင်ကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမောင်မြင့်လင်းက “အခုဆို ကျနော်တို့လည်း ကွမ်းမစိုက်နိုင်တော့ဘူး။ အဓိကတော့ အရင်းအနှီးမတတ်နိုင်လို့။ ဒီဒေသက လူတစ်ဝက်လောက်က ကွမ်းမစိုက်နိုင်ဘူး ဖြစ်သွားတယ်” ဟု ပြောသည်။

မုန်တိုင်းကြောင့် ကွမ်းခင်းများပျက်စီးသွားသဖြင့် ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းညွန့်များကို ကျောက်ဖြူ၊ အမ်း၊ သံတွဲ၊ ဂွမြို့နယ်တို့မှ ဝယ်ယူစိုက်ပျိုးနေရပြီး ကွမ်းညွန့်အရေအတွက် တစ်ထောင်ကို ငွေကျပ် တစ်သိန်းသုံးသောင်းခန့်ရှိကြောင်း ကွမ်းစိုက်တောင်သူများက ပြောသည်။

လက်ရှိကာလဈေးနှုန်းအရ ကွမ်းညွန့်သုံးထောင် စိုက်ခင်းတစ်ခုအတွက် ကွမ်းညွန့်၊ ဝါးလုံးတိုင်၊ ဓာတ်မြေဩဇာ၊ အလုပ်သမားစရိတ်အပါအဝင် စုစုပေါင်းအသုံးစရိတ်မှာ ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းထိ ကုန်ကျနိုင်ကြောင်း ကွမ်းစိုက်တောင်သူများက ပြောကြသည်။

“အရင်ကဆိုရင် ကိုယ့်ဒေသကပဲ ဝယ်စိုက်ကြတာ။ အခုက တောင်ကုတ်၊ ကျောက်ဖြူတို့ဘက်က ဝယ်ရတယ်” ဟု မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသရှိ ညောင်ပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက ပြောသည်။

ရေ၊ မြေ၊ ဒေသမတူညီသည့် အခြားမြို့နယ်များမှ ကွမ်းပျိုးပင်များကို ဝယ်ယူစိုက်ပျိုးနေရသဖြင့် ကွမ်းအထွက်နှုန်းကျဆင်းမှုနှင့် ကြုံတွေ့နေရသည်ဟု ကွမ်းစိုက်တောင်သူများက ပြောသည်။

“ကိုယ့်ဒေသက မျိုးရင်းဆိုရင် လေးလလောက်နဲ့ ရောင်းလို့ရပြီ။ အဲဒီဘက်က (ကွမ်း) မျိုးတွေကျတော့ ခြောက်လလောက် စောင့်ရတယ်။ ကိုယ်မှန်းထားသလောက် အရေအတွက်မရဘူး။ အရည်အသွေးလည်းကျတယ်” ဟု ပိုးရွီပြင်ကျေးရွာမှ ဦးကံသိန်းမောင်က ပြောသည်။

လက်ရှိတွင် ရခိုင်မြောက်ပိုင်းက ကွမ်းစားသုံးသူများမှာ ပြည်မဘက်မှလာသော ကွမ်းရွက်များကိုသာ အဓိက စားသုံးနေကြရသည်။

#I010 #DMG

https://www.facebook.com/dmgnewsagency/posts/693634549476811

Leave a Reply

Your email address will not be published.