ကျောက်ဖြူ ကျောက်တစ်လုံးမွတ်ဆလင် ဒုက္ခသည်စခန်းတွင် ရေအမြဲပြည့်နေ

By Western News / 2023 September     11

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးမွတ်ဆလင် ဒုက္ခသည်စခန်းတွင် စခန်းတွင်း ရေအတက်ကျမရှိဘဲ အမြဲတမ်းရေပြည့်နေသည့်အတွက် နေထိုင်ရေးအခက်ခဲများ ဖြစ်လျှက်ရှိသည်ဟု စခန်းမှ တာဝန်ရှိသူများက ပြောသည်။

လက်ရှိပြောင်းရွေ့နေထိုင်ရသည့်နေရာမှာ ရေဝပ်‌ဒေသဖြစ်ပြီး ရေစီးလမ်းကြောင်းများ သေချာဖောက်လုပ်ပေး ထားမှုမရှိသောကြောင့် စခန်းတွင်းတွင် ရေအမြဲပြည့်လျှံလျှက်ရှိနေသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။

“ဒီနေရာကရေဝပ်တာကြောင့် ရေစီးကြောင်းသေချာစနစ်တကျဖောက်ပေးဖို့လိုမယ်။ အခုကအဲ့လိုမျိူး မလုပ်ပေး ထားဘူး။ ဒါကြောင့် ရေကအမြဲပြည့်နေတယ်။ ရေဝပ်နေတယ်ဆိုတော့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း အကောင် ပလောင်တွေ ဖောက်ဖွားတဲ့ပြဿနာကလည်းရှိလာတော့ ကျန်းမာရေးပြဿနာတွေလည်းရှိလာတယ် ” ဟုပြောသည်။

ကျောက်တစ်လုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှာ ယခင်ကျောက်ဖြူမြို့ ကျောက်တစ်လုံးဘုရားအနီးတွင် ရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလအတွင်းက ကျောက်ဖြူမြို့နှင့် ၃မိုင်ကွာသည့် နေရာသစ်သို့ စစ်ကောင်စီမှ ပြောင်းရွေ့ပေးခဲ့ရာမှ ယခုကဲ့သို့ နေထိုင်ရေးအခက်ကြုံနေကြရခြင်းဖြစ်သည်။

ရေပြည့်လျှံနေမှုကြောင့် စခန်းတွင်နေထိုင်နေရသူများအနေဖြင့် အခက်ခဲများစွာဖြစ်ရသည့်အတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ လုပ်ဆောင်ပေးစေလိုသည်ဟု စခန်းတွင်နေထိုင်သူ မွတ်ဆလင်တစ်ဦးက ပြောသည်။

“စခန်းပြောင်းပြီးကတည်းက လာကြည့်တာမရှိပါဘူး။ မပြောင်းခင်တော့ အပြောင်းဖြစ်ဖို့အရေး လာလာကြည့်တာနဲ့ တူပါတယ်။ ကျနော်တို့တောင်းဆိုချင်တာကတော့ မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေရေက အမြဲပြည့်နေတယ်။ ဒီလိုဖြစ်နေတာ အကုန်လုံးအတွက် အဆင်မပြေပါဘူး။ ဒါကိုရှင်းပေစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ကျနော်တို့ကို နေရာ‌ဟောင်းမှာ ပြန်နေရာချပေးစေချင်ပါတယ် ” ဟုဆိုသည်။

ကျောက်ဖြူ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီး ထိုအထဲမှ နေအိမ် ၁၀၀ ခန့်သာ ရေလွတ်ပြီး ကျန် ၂၀၀ ကျော်မှာ ရေအမြဲပြည့်သည့်ဖက်တွင် နေထိုင်နေကြရခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူရှိ ကျောက်တစ်လုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ကျောက်ဖြူမြို့ အရာရှိ၊ ပိုက်သည်၊ တမန်ချောင်း၊ ပြင်ဖြူမော်စသည့်ရပ်ကွက်မှ မွတ်ဆလင်များကို နေရာချထားပေးခြင်းဖြစ်ပြီး အဆိုပါစခန်းတွင် အိမ်ထောင်စု ၃၈၆ စုနှင့် လူဦးရေ ၁၅၀၀ ကျော်နေထိုင်လျှက်ရှိသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/742829664523129

Leave a Reply

Your email address will not be published.